Tuesday, December 5, 2023

သီတင်းကျွတ်လ(စက်တင်ဘာ/အောက်တိုဘာ)

 

သီတင်းကျွတ်လ(စက်တင်ဘာ/အောက်တိုဘာ)




မိုးရာသီကုန်ဆုံး၍ သာယာသောသီတင်းကျွတ်လသည် မြန်မာလများအနက် (၇)လမြောက်ဖြစ်ပြီး စက်တင် ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်ပါသည်။ ရဟန်းတော်များအတွက် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ဝန်ချတောင်းပန်နိုင် ရန် အချင်းချင်းဖိတ်ကြားခြင်း အမှုပြုကြသော ပဝါရဏာနေ့ ဖြစ်ပါသည်။ ထိုနေ့တွင် မိမိထက် အသက်ကြီးသူများနှင့် မိဘ၊ ဆရာသမားများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကို နာကြားကာအပြစ်များရှိပါကလည်း ကျေစေသည်ဟု ယူဆသောဓလေ့လည်း ရှိသည်။
သီတင်းကျွတ်လသည်ရှေးအခါကသီတင်းကျွတ်လ ဟူ၍မခေါ်ကြပဲ သန်တူလဟူ၍ ရေးသားခေါ်ဆိုကြသည်ကို တွေ့ရသည်။ သန်တူလအဓိပ္ပါယ်မှာ ဝဿနမိုးဥတုရာသီကို သန်တူဟုရှေးဟောင်းသူတို့ ခေါ်ဆိုကြသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် သက္ကရာဇ်ဖော်ပြရာ၌ သီတင်းကျွတ်လကို သန်တူလ ဟုသာ အမြဲရေးထိုးခဲ့ကြသည်။ မြန်မာလအမည်များစာအုပ်၌ “သတင်းကျွတ်”ဟူသောစကားကို အင်းဝ ခေတ် သက္ကရာဇ် ၈၀၀ ခန့် မှသာစ၍ ကျောက်စာတို့တွင်သုံးစွဲလျက်ရှိသည်ဟု ဆိုပါသည်။ လှေသင်းအတွင်းဝန်ရေးသော ဝေါဟာရလိနတ္တဒီပနီကျမ်း၌ “ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်း သုံးလ၊ ရက်ပေါင်း ၉၀ ၊ သီတင်းကျွတ်လပြည့်ကျော်တရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လ ဟူ၍သာသနာကျမ်းအလိုခေါ်ဆိုကြောင်းသိသာသည်” ဟုဖွင့်ဆိုခဲ့သည်ကို တွေ့ရပါသည်။ ဗေဒင်အခေါ်အားဖြင့် သီတင်းကျွတ်လကို “တူရာသီ” ဟု ခေါ်သည်။ တူရာသီ၏ အရုပ်သည် ချိန်ခွင်ကိုင်စွဲသောယောကျ်ားသဏ္ဌာန် ဖြစ်သည်။ ထိုရာသီကို အဿဝဏီန က္ခတ် နှင့်ယှဉ်၍ လပြည့်သောကြောင့်  အဿယုဇဟူ၍ဆိုသည်။ ထိုလ၏ရာသီပန်းမှာ ကြာပန်း ဖြစ်သည်။


သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားသခင်တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် အသိ အမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားသခင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင်မီးများထွန်းကာ မြင့်မိုရ်ပွဲဆင်ယင်ကျင်းပခဲ့ကြသည်။ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သား ကိုအကြောင်းပြု‘ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ’ အစရှိသည်ဖြင့် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ဆင်းသက်တော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ သမုတ်ကာ အဘိဓမ္မာပူဇော်ပွဲကို ကျင်းပကြသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သောကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။



သီတင်းကျွတ်ဆီမီးမြင့်မိုရ်ပွဲ
  • မျက်မှောက်ခေတ်တွင် မြန်မာတို့သည်သီတင်းကျွတ်ကာလတွင်ကျင်းပပြုလုပ်သည့် မီးထွန်း ပွဲတော်ကို သီတင်းကျွတ်ပွဲတော်ဟုလည်းကောင်း၊ သီတင်းကျွတ်မီးထွန်းပွဲဟု လည်ကောင်း ခေါ်ကြသည်။ ရှေးအခါကမူ မီးမြင့်မိုရ်ပွဲဟုခေါ်ခဲ့ကြသည်။ ကျေးလက်တောရွာများတွင် တာဝတိံသာပွဲ ဟုခေါ်ကြသည်ကိုလည်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ် မီးထွန်း ပွဲတော်ကို ခေတ်အဆက်ဆက် ကျင်းပပြုလုပ်လာခဲ့ကြပါသည်။ ပုဂံခေတ်ထိုး ကျောက်စာ များတွင် ကထိန်အလှူ၊ ပံသုကူအလှူ ၊ မီးဖုန်းအလှူနှင့် ညောင်ရေသွန်းအလှူ စသည်တို့ကို တွေ့ရသော်လည်း သီတင်းကျွတ် မီးပူဇော်မှုကို မတွေ့ရပေ။ သို့သော်လည်း ပုဂံခေတ်မြင်းက ပါဂူပြောက်ကြီးဘုရား နံရံဆေးရေးပန်းချီကားတွင် သီတင်းကျွတ်လပြည့်နေ့၌ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူပြည့်သို့ ဆင်းသက်ပုံ ရေးဆွဲထားသည်ကိုတွေ့ရပြီး ရွှေစောင်းတန်း ၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ပါရှိပြီး ပုဂံခေတ်မှ အချို့နံရံပန်းချီများတွင်လည်း ဆီမီးခွက်များကို တွေ့ရသဖြင့် ပုဂံခေတ်တွင် သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေပြီဟု ယူဆနိုင် ပါသည်။ အင်းဝခေတ်၊ တောင်ငူခေတ်နှင့် ညောင်ရမ်းခေတ်တို့တွင် ဆီမီးမြင့်မိုရ်ခေါ် မီးထွန်း ပွဲတော်ကို ဘုရင်များကိုယ်တိုင် ဦးစီးပြုလုပ်ခဲ့ကြသည်။ ထိုခေတ်များ၌ မင်းရင်ပြင်တွင် မြင့်မားလှသောပြဿဒ်ကြီးများကို တည်ဆောက်၍လှေကားသုံးသွယ်ဆင်ယင်ပြီးလျှင် ဆီမီးများထွန်းညှိ ပူဇော်လေ့ရှိကြသည်။ ဝါကျွတ်ပွဲတော်တွင်ဘုရားစေတီများ၌လည်း ဆီမီးများ ထွန်းညှိပူဇော်ကြပြီး ကျေးရွာများတွင်အလှူအတန်းများပြုလုပ်ကြသည်။ မင်းတုန်းမင်း လက်ထက်သီတင်းကျွတ်လတွင် ရွှေနန်းတော်မှလောကမဏိစူဠာစေတီတော်အရောက် မီးစောင်းတန်းကြီးကို လည်းကောင်း၊ ရွှေနန်းတော်ကြီးမှရွှေမြို့တော်လေးထောင့် ရွှေကွန်အုပ်ဘုရား၊ ရွှေစကား ဘုရား၊ ရွှေလင်းပင်ဘုရား၊ ဆင်ကြိုးရွှေဂူဘုရားများသို့အရောက်မီးစောင်းတန်းကြီးလေးသွယ် တို့ကို လည်းကောင်း အသီးသီးပူဇော်လေ့ရှိကြသည်။ သီပေါမင်းလက်ထက်မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ် သီတင်းကျွတ်လတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကိုအလွန်ကြီးကျယ် စည်ကားစွာကျင်းပခဲ့ ကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတတိယတွဲတွင် ဖော်ပြထားသည်ကိုတွေ့ရ သည်။ မျက်မှောက်ခေတ်တွင်သီတင်းကျွတ်မီးထွန်းပွဲကျင်းပပုံသည် ရှေးခေတ်များနှင့်မတူ ကွဲပြားခြားနားလာသည်ကို တွေ့ရသည်။ တာဝတိံသာနတ်ပြည်သို့ဘုရားသခင်ကြွတော်မူပုံ၊ တာဝတိံသာ နတ်ပြည်မှဆင်းသက်ပုံတို့ကို ရှေးခေတ်ကဲ့သို့မပြုလုပ်ကြတော့ပဲ စေတီပုထိုး များတွင် ဆီမီးထွန်းညှိ ပူဇော်ခြင်း၊ အိမ်များတွင် ဆီမီးရောင်စုံများကိုထွန်းညှိပူဇော်ခြင်း၊ ရောင်စုံ လျှပ်စစ်မီး ၊ ဖရောင်းတိုင်မီးတို့ဖြင့်ထွန်းညှိပူဇော်လာကြသည်ကို တွေ့နိုင်ပေသည်။

ပဝါရဏာပွဲ

ပဝါရဏာပွဲတော်သည်လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သောပွဲတော်မဟုတ်ဘဲသာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့်သက်ဆိုင်သောပွဲတော်ဖြစ်သည်။ ရဟန်းတော်များသည် သီတင်းကျွတ် လပြည့်နေ့တွင် မိမိဝါဆိုသောကျောင်းတိုက်အတွင်းရှိ သိမ်၌ ပဝါရဏာပွဲတော်ကို နှစ်စဉ်ကျင်းပ ကြမြဲဖြစ်သည်။ ရဟန်းတော်များမှာ ဘုရားရှင်၏ပညတ်တော်အရ လပြည့်၊ လကွယ်နေ့တိုင်း စာတုဒ္ဒသီဥပုသ် ၊ ပန္နရသီဥပုသ် များကိုပြုကြရသည်။ သို့သော် သီတင်းကျွတ်လပြည့်နေ့တွင် ဝိနည်းဒေသနာတော် အရဥပုသ်အစား ပဝါရဏာ ပြုကြရသည်။ ပဝါရဏာဟူသောပါဠိမှာ “ဖိတ်ကြားခြင်း ၊ တောင်းပန် တိုက်တွန်းခြင်း”ဟုအဓိပ္ပါယ်ရသည်။ အကျဉ်းချုပ်အားဖြင့် ရဟန်း တော်များအချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းတောင်းပန်ကြသည့် ပွဲဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သင့်လျော်သည့် အချိန်တွင် ရဟန်းတော်များသည် ပဝါရဏာပွဲ ကျင်းပရန် သိမ်အဆောက်အဦတွင်အားလုံးစုရုံးကြရသည်။ သံဃာပရိသတ်စုံသောအခါ ပဝါရဏာမပြုမီပြုလုပ်ရမည့် တံမြက်လှည်းခြင်း ၊ သောက်ရေ တည်ထားခြင်း၊ နေရာခင်းခြင်း စသော ပုဗ္ဗကရဏ ၊ ပုဗ္ဗကိစ္စ ၊ ပတ္တကလ္လ အင်္ဂါစသည်တို့ကို သမ္မုတိရသော ရဟန်းတော် နှစ်ပါးက အမေးအဖြေ ပြုလုပ်ရသည်။ မေးဖြေပြီးသည့်အခါ အဖြေရဟန်းတော် ကပဝါရဏာကံအတွက် ဉတ်ထား (ပဝါရဏာပြုတော့မည်ဟု သံဃာကိုရှေးဦးစွာ အသိပေးခြင်း) ရသည်။ ထို့နောက် သိက္ခာဝါ အကြီးဆုံးမထေရ်ကလက်ဝဲတစ်ဖက်ပခုံးထက်၌ဧကစီကိုတင်၍ ဆောင့်ကြောင့် ထိုင်ပြီးလျှင် “ ငါ့ရှင်တို့ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏ ၊ တပည့်တော်၏ အပြစ်ကို မြင်သော်၎င်း ၊ ကြားသော်၎င်း၊ သံသယရှိသော်၎င်း တပည့်တော်အား သနားသောအားဖြင့် ပြောဆိုသိပေးကြပါ၊ အပြစ်ကိုရှု၍ကုစားပါမည်” ဟုသုံးကြိမ်တိုင်တိုင်သံဃာအား ဖိတ်ကြား တိုက်တွန်းရသည်။ ထို့နောက် ဝါအလိုက်သံဃာကုန်သည်အထိ သုံးကြိမ်စီရိုသေစွာ ဖိတ်ကြား ကြရသည်။ ဖိတ်ကြားပြီးတိုင်း ဖိတ်ကြားပြီးတိုင်း ကျန်သံဃာများကသာဓုသုံးကြိမ်ခေါ်ကြရ၏။ သံဃာတော်များအားလုံး ဖိတ်ကြားပြီးသည့်အခါ အကြီးဆုံးသံဃာ့နာယကမထေရ်က သံဃာ များအား ဩဝါဒစကားမိန့်ကြားတော်မူတတ်သည်။ ပဝါရဏာပွဲသည်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင်ရှိခဲ့သောပွဲဖြစ်၍ နှစ်ပေါင်း ၂၅၀၀ ကျော်တိုင်အောင်ကြာခဲ့ပြီဖြစ် သည့် ပွဲဖြစ်ပေသည်။

ရွှေကျင်မီးမျှောပွဲ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ ရွှေကျင်ချောင်းး၌ သီတင်းကျွတ်လပြည်နေ့ပြီးနောက် အောက်တိုဘာလတွင်ကျင်းပသော မီးထွန်းပွဲတော်တစ်ခုဖြစ်သည်။ နံနက်ပိုင်းတွင် လှေပြိုင်ပွဲ များနှင့် ညနေပိုင်းအချိန်တွင် ဆီမီးခွက်များ ၊ ဆီမီးတိုင်များက ဤပွဲတော်၏ ပြရုပ်တစ်ခု ဖြစ်သည်။ တစ်ရက်ကြာကျင်းပသော ဤပွဲတော်အား နှစ်ပိုင်းခွဲခြားနိုင်သည်။ ဒေသခံများမှနံနက်ပိုင်းတွင်လှေပြိုင်ပွဲများ ဦးစွာပါဝင်ယှဉ်ပြင်ကြသည်။ အမျိုးသားနှင့် အမျိုးသမီးအသင်း နှစ်သင်းမှ အတူတကွ ပါဝင်ယှဉ်ပြိုင်လေ့ရှိသည်။ လှေပြိုင်ပွဲပြီးနောက် မြန်မာ့ရိုးရာ သီချင်းများနှင့်အတူ သီဆိုကခုန်ကြသည့် ရွာသားများနှင့်တကွ လှေပေါ်ပြပွဲများလည်း ကျင်းပ ကြသည်။ ၎င်းဓလေ့သည် လာရောက်ကြသည့်ဘုရားဖူးများအတွက် ကံကောင်းခြင်းများကို ယူဆောင်နိုင်သည်ဟုလည်း ယုံကြည်ကြသည်။ ဤပွဲတော်အား လာရောက်ကြည့်ရှုကြသော နိုင်ငံခြားသား ဧည့်သည်များအနေဖြင့်လည်း ရွှေကျင်ချောင်းအား အလှဆင်ထားသော လှပသည့် ထောင်ပေါင်းများစွာသော ဆီမီးများအား စွဲမက်ဖွယ်ရာ ကြည့်ရှုနိုင်ကြပါသည်။


မီးမျှောပွဲ



စစ်ကိုင်းကောင်းမှုတော်ဘုရားပွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရားပွဲသည် လယ်သမားများနှင့် ကုန်သည်များမှ ကျေးလက်ရိုးရာပတ်ဝန်းကျင်တွင် နွားလှည်းများဖြင့် ကုန်ပစ္စည်းများ ရောင်းချသည့် ကာလတစ်ခုဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တစ်ဝိုက် (၅) ရက်ကြာကျင်းပသော ရဟန်းတော် များအနေဖြင့်လည်း စေတီတော်အား ရှိခိုးပူဇော်နိုင်သည့်ပွဲတော် ဖြစ်သည်။
ပွဲတော်အား မြန်မာ့ရိုးရာဗုဒ္ဓဘာသာဝင်များ၏ အားလပ်ရက်နေ့တွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ရက်တွင် ဘုရားအနီးတစ်ဝိုက်ရှိ ရွာသားများလည်း ပါဝင်ဆင်နွဲနိုင်ကြသည်။ ဘုရား ပွဲတော်သို့ လာရောက်ကြသော ဧည့်သည်များအား နွားလှည်းဖြင့် သယ်ဆောင်လာကြသော ပစ္စည်းများနှင့် လယ်ယာထွက်ပစ္စည်းများကို ရောင်းချပေးနေသော လယ်သမားများနှင့် ကုန်သည် များမှာလည်း ဤပျော်ရွင်ဖွယ်ပွဲတော်အား ပိုမိုပြည့်စုံစေပါသည်။ နိုင်ငံခြားသားဧည့်သည် များအနေဖြင့်လည်း စစ်ကိုင်းတိုင်းဒေသ၏ ကျေးလက်ရိုးရာပတ်ဝန်းကျင်အား ဖော်ဆောင်ပြသနေသော ပွဲတော်တွင် ၎င်းတို့ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်ကြပါသည်။ ကုန်သည်များမှာလည်း ၎င်းတို့ရှာဖွေထားသော ဝင်ငွေများထဲမှ စေတီတော်ကြီး မွမ်းမံပြုပြင်နိုင်ရန်နှင့် ရဟန်းတော်များအား ကောင်းမွန်စွာသီတင်းသုံးနိုင်ရန် ရည်မှန်း၍ လှူဒါန်းနိုင်ပါသည်။ ထို့ပြင် ပျားပမ်းခတ်မျှ လှုပ်ရှားနေသော ဈေး၏အလယ်၌ နီညိုရောင်သင်္ကန်းများ ဆင်မြန်းထားသော ဗုဒ္ဓဘာသာ ရဟန်းတော်များသည် ပွဲတော်အတွင်း စေတီတော်အား ပူဇော်ကန့်တော့နေသည်ကိုလည်း တွေ့မြင်နိုင်ကြပါသေးသည်။



 စစ်ကိုင်းကောင်းမှုတော်ဘုရား


ကျောက်ဆည်ဆင်အကပွဲတော်

ဆင်အကပွဲတော်သည် ကျောက်ဆည်မြို့၊ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၄၀ ကီလိုမီတာ အကွာတွင် (အောက်တိုဘာလ) သီတင်းကျွတ်လပြည့်နေ့မတိုင်မီတစ်ရက်မှစ၍ နှစ်ရက် ကြာကျင်းပ၍ အကကသူများသည် ဆင်ရုပ်ဝတ်စုံများကို ဝတ်ဆင်ကာ ကပြ ပြိုင်ပွဲဝင်ကြရသည့် ပွဲတော်ဖြစ်သည်။ ဆင်ဝတ်ရုံများပေါ်ရှိ အဆင်တန်ဆာများသည် လက်ဖြင့်ပြုလုပ်ထားသည်။

လူများသည် ဆင်ဝတ်ရုံများကိုဝတ်ဆင်ကာ ကပြပြီး ပွဲတော်ကျင်းပကြသည်။ အောက်တိုဘာလတွင် ကျောက်ဆည်မြို့၌ ကျင်းပလေ့ရှိပြီး အမျိုးသားများသည် နှစ်ဦးတစ်ဖွဲ့ပါဝင်ကပြကာ ပြိုင်ပွဲဝင်ကြသည်။ဆင်တစ်ကောင်ကဲ့သို့ ပုံစံတူပြုလုပ်ကာ အကောင်းဆုံးကပြ၍ ပြိုင်ပွဲဝင် ကြသည်။ ဆင်ဝတ်ရုံများသည် ဝါးဖြင့်ပြုလုပ်ထားသော ဆင်ပုံစံပေါ်တွင် ဘော်ကျယ်များထိုး ထားသော ကတ္တီပါသားလွှမ်းခြုံပြီး ပြုလုပ်ထားခြင်းဖြစ်ပါသည်။အဆိုပါပွဲတော်တွင် ဒေသခံများသည် အလှူအတန်းများပြုလုပ်ခြင်းဖြင့် ပါဝင်ဆင်နွှဲကြပါသည်။





 ကျောက်ဆည်ဆင်အကပွဲ



ကျောက်တော်ကြီးဘုရားပွဲ


မန္တလေးမြို့တွင်သီတင်းကျွတ် လပြည့်မတိုင်ခင် ၁ ရက်မှစ၍ ၄ရက်ကျင်းပသည့်အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ ပွဲတော်သို့လာရောက်၍ ဖူးမြော်နိုင်ကြသည့် အေးချမ်းသာယာသော ပတ်ဝန်းကျင်နှင့် ထူးခြားအသက်ဝင်သည့် ပွဲတော်ဖြစ်သောကြောင့် ခရီးသွားပြည်သူများ အေးချမ်းသာယာစွာဖြင့် လေ့လာလည်ပတ်နိုင်ပါသည်။


ပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ မန္တလေးသို့လာရောက်၍ ကျောက် တော်ကြီးဘုရားအား လာရောက်ဖူးမြော်ကြပါသည်။ ပွဲဈေးများနှင့် ဘာသာရေး အထိမ်းအမှတ် များပေါင်းစပ်ထားသော ပွဲတော်ဖြစ်ပြီး စိတ်ဝင်စားဖွယ်လက်ဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ပါ သည်။ ခရီးသွားများသည် ပွဲဈေးတွင်လည်ပတ်နိုင်သည့်အပြင် ရဟန်းသံဃာများ ဦးစီး၍ ကျင်းပ နေသည့် တရားပွဲများတွင်လည်း ပါဝင်ပူဇော်နိုင်ပါသည်။ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများလာ ရောက်လေ့လာလည်ပတ်သင့်သည့် ရှေးဟောင်းဘုရားပွဲတော်ဖြစ်ပြီး စည်ကားသည့် ဘုရားပွဲ ဈေးနှင့် အေးချမ်းသာယာသည့် ဘုရားရိပ်တရားရိပ်အား ခံစားနိုင်ပါသည်




 ‌‌ကျောက်တော်ကြီးဘုရား



ရွှေတိဂုံဘုရား


လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂)လရာသီပွဲတော် များအနက် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ရောင်စုံမီးပုံးများ ကိုယ်စီကိုင် ဆောင်လျက် လျှပ်စစ်မီးဖြင့်ထွန်းညှိပူဇော်ထားသည့် မီးစေတီများဖြင့် စေတီတော်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်၍ အောင်မြေ၌ စုပေါင်းဆီမီးပူဇော်ကြပါသည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၊ နံနက်၆နာရီအချိန်တွင် စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများ အမေးအဖြေပြုလုပ်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်းတို့ကို ဆောင်ရွက်ပြီး၊ နံနက် ၉ နာရီခွဲအချိန်တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလခံယူပွဲအခမ်းအနားနှင့် ဝါတွင်း ကာလတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာ ဟု ဆိုအပ်သော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို စေတီ တော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပပြုလုပ်ပြီး ဆရာ တော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့် ခံခြင်းများဖြင့် ကုသိုလ်ယူ ကျင်းပလေ့ရှိပါသည်။



 ရွှေတိဂုံဘုရား



လားဟူတိုင်းရင်းသားရိုးရာ ကောက်သစ်စားပွဲ

သီတင်းကျွတ်လသည် လားဟူတိုင်း ရင်းသားများ၏ တစ်နှစ်တာ စိုက်ပျိုးခဲ့သည့် သီးနှံပေါင်းစုံ ထွက်ရှိမှုအတွက် ကောက်သစ် စားပွဲတော် ကျင်းပသည့်လဖြစ်ရာ နှစ်စဉ်ကျင်း ပနေကျအတိုင်း ဆွေမျိုးဉာတ ကာ ဧည့်မိတ်ဆွေများ စုံလင်စွာဖြင့် ကျင်းပနေသည့် အချိန်ကာလ ဖြစ်ပေသည်။

လားဟူတိုင်းရင်းသားများတွင် အဓိက ကျင်းပသော ပွဲ(၂)ခုမှာ ကောက်သစ်စားပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်တို့ ဖြစ်ကြပြီး အခြားပွဲများမှာ အတီးတူးပွဲ၊ အားမိုကိုပွဲ၊ ရှဲကော်ပွဲတို့ ဖြစ်ကြသည်ဟု သိရသည်။

ကောက်သစ်စားပွဲတော်ကို သီတင်းကျွတ်လတွင် ကျင်းပကြပြီး နှစ်သစ်ကူးပွဲတော်ကို တပို့တွဲလဆန်း(၁)ရက်တွင် ကျင်းပကြကြောင်း သိရှိရသည်။ သို့အတွက် နီးစပ်ရာ ဆွေမျိုးသား ချင်း၊ ရွာနီးချုပ်စပ်များ စုပေါင်းကာ ကောက်သစ်စားပွဲကို ဧည့်သည်များအား ဖိတ်ကြား၍ ပျော်ရွှင်စွာ ကျင်းပပြုလုပ်နေကြခြင်းဖြစ်သည်။



လားဟူကောက်သစ်စားပွဲ

စက်တင်ဘာလတွင်ကျင်းပသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲ

၁၈ ရက် (သီတင်းကျွတ် လဆန်း (၁)ရက် မှ လဆုတ် (၃)ရက်နေ့ထိ ) အင်းလေးကန်၊ ရှမ်းပြည် နယ်တောင်ပိုင်းဒေသခံများမှ ရွှေအတိပြီးသော ဘုရားဆင်းတုတော်များအား ရှိခိုးကန်တော့ကြပါသည်။ ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲမှာ ပွဲတော်၏ အဓိကဆွဲဆောင်မှုပင် ဖြစ်ပါသည်။စက်တင်ဘာလတွင် ကျင်းပသော ဖောင်တော်ဦးဘုရားပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လူများလာရောက်ကြပါသည်။ ယင်းပွဲတော်မှာ အင်းလေးတွင် ကျင်းပသော အကြီးကျယ်ဆုံး ဘုရားပွဲတော်ဖြစ်ပါသည်။ ပွဲတော်သို့ ဘုရားဖူးလာရောက်ကြသည့် ခရီးသွားဧည့်သည်များ များပြားလှပါသည်။ ရွှေသင်္ကန်းများကပ်လှူထားသောကြောင့် ဘုရားဆင်းတု တော်များမှာ မူလပုံစံ ပျောက်ကွယ်နေပါသည်။ ဘုရားဖူးများမှာ ဘုရားရှိခိုးကန်တော့၍ လှူဘွယ်များအား ကပ်လှူကြပြီး ရဟန်းသံဃာများအားလည်း လှူဘွယ်ပစ္စည်းများဖြင့် ကပ်လှူပူဇော်ကြပါသည်။ အဆိုအကများဖြင့် ပူဇော်ပသခြင်းများလည်းပါဝင်ပါသည်။ မြန်မာနိုင်ငံတွင်သာမြင်တွေ့နိုင်သည့် ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲအားလည်း ခရီးသွားဧည့်သည်များအနေဖြင့် အားပေးကြည့်ရှုနိုင်ပါသည်။






စက်တင်ဘာလတွင်ကျင်းပသောအင်းလေးဖောင်တော်ဦးဘုရား

No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...