ဝါဆိုလ (ဇွန်/ဇူလိုင်)
ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေအကုန် မိုးအကူးကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် ကျရောက်လေ့ရှိသည်။ဝါဆိုလ၏ထူးခြားချက်မှာ ဝါဆိုလပြည့်နေ့မှစ၍ သီတင်း ကျွတ်လပြည့်နေ့အထိ ရဟန်း၊သံဃာတို့သည် သုံးလတိုင်မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုဘဲ စတင်ပြီး ဝါဆိုဝါကပ်ပြုတော်မူသောလဖြစ်သည်။ဝါတွင်းကာလတွင်း ရဟန်းသံဃာတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်စသည့် ရဟန်းအလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း စသည့်အကျိုးများကို ရည်ရွယ်၍ ဝါဆိုလတွင် ထူးခြားမွန်မြတ်သည့် ကုသိုလ်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်တို့သည် ဝါဆိုလတွင် ဖူးပွင့်ကြသည့်ပန်းများဖြင့် ဘုရားစေတီများတွင် သွားရောက်လှူဒါန်းခြင်း၊ မိမိတို့ အိမ်ဘုရားတွင် ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါသည်။
ဝါဆိုလပြည့်နေ့ကား
သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာ ဘုရားရှင်ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများကို
စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံ တော်မူသောနေ့လဲဖြစ်သည်။
တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ် ထွန်းသောနေ့လဲ ဖြစ်သည်။
ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသော နေ့လဲ ဖြစ်သည်။
ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည်
ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ် သော အခါထူး
အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာ အတွက်
လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်း၊ ကန်ဘုရားများသို့
သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ဓမ္မစကြာတရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများ
ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများပြုခြင်း၊
သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။ ဗုဒ္ဓအယူဝါဒကို
သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။
ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက်ကုသိတာ နတ်ပြည် မှ သက်ဆင်း၍ လူ့ပြည်၌
ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို
နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရား အဖြစ်သို့ရောက်ပြီး
နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌
တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သောကြောင့်တည်း။ ဂေါတမမြတ်စွာဘုရားသည်
ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို
ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။
ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်််နေ့ဟူ၍
နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလ ပြည့်နေ့တွင်ဝါတွင်းသုံးလပတ်လုံး
မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်း သွားလာခြင်း
မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆိုဝါကပ်မှုများကိုပြုကြသည်။ထိုကဲ့သို့
ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး
ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏
သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက်လပြည့်လကွယ်နေ့များတွင်
သီတင်း၊ သီလဆောက်တည်၍ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊
ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန်
ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော
သူတော်ကောင်းတရားများကို ငြိမ်သက်စွာ အားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင်
လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်းသံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့်
ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆို ဖယောင်းတိုင်
စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။ မြန်မာမင်းများလက်ထက်တော်တွင် တစ်လလျှင်
ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲ ဖြစ်၏။
ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်း ဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင်ဖြစ်လေရာ
ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
မြန်မာလတစ်ဆယ့်နှစ်လတွင်
ဝါဆိုလသည် စတုတ္ထလဖြစ်သည်။ ရက်စုံသတ်မှတ်သောလဖြစ်သည်။ နေ့ကိုလိုဝါဆို၊ ညကို လိုပြာသိုဟူသော ဆိုရိုးအရ ဝါဆိုလသည် တစ်နှစ်တာကာလအတွင်းနေ့တာ အရှည်ဆုံးလတစ်လ ဖြစ်သည်။ တပေါင်းလပြည့်ကျော်
တစ်ရက်မှ ဝါဆိုလပြည့်နေ့အထိ လေးလတာကာလကို နွေဥတုဟုသတ်မှတ်သောကြောင့် ဤလသည်
နွေတစ်ဝက်၊ မိုးတစ်ဝက်လ ဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် မိုးကောင်းသောအရပ်ဒေသများ၌မူ
မိုးဖြိုင်ဖြိုင်ကျရောက်ပြီး ဝါဆို၊ ဝါခေါင်ရေဖောင်ဖောင် ဖြစ်နေပေသည်ဝါဆိုလကို
ပုဂံခေတ်က မလွယ်တာဟုလည်းကောင်း၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟုလည်းကောင်း
ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ အဓိပ္ပာယ်မှာ နွေရာသီ၏ အဆုံးအပိုင်းအခြားသို့ ရောက်သောလ၊
လယ်ယာမြေ အပိုင်းအခြားကိုတိုင်းတာသောလ ဟူ၍ဖြစ်သည်။ ထိုအခေါ်အဝေါ် အရေးအသားများသည်
ယနေ့ခေါ်ဝေါ်သုံးစွဲနေသော ဝါဆိုနှင့် မဆက်စပ်မိပေ။ ဝါဆိုလဟု
ခေါ်ဝေါ်သုံးစွဲမှုသည် နောက်ပိုင်းမှ သူ့အဓိပ္ပာယ်နှင့်သူ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သံဃာတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ ဝါဆိုကြရပြီး
ဝါထပ်နှစ်တွင်မူ ဒုတိယဝါဆိုလပြည့်ကျော် တစ်ရက်မှ စတင်ဝါဆိုသည်။ ဝါဆိုသောအခါ
မြတ်စွာဘုရား၏ ရှေ့တော်တွင် ဣမသ္မိံဝိဟာရေ၊ ဣမံ တေမာသံ ဝဿံ ဥပေမိ ဤကျောင်း၌ ဤမိုးသုံးလအတွင်း မှီတင်းနေထိုင်ပါမည်ဟု ရွတ်ဆိုပြီး ဝါကပ်ကြသည်။
သံဃာတော်များသည် ဝါတွင်းသုံးလပတ်လုံး အခြားတစ်ပါးသို့ ညဉ့်အိပ်ညဉ့်နေမသွားရပေ။
သို့ရာတွင် တရားနာလို၍ဖြစ်စေ၊ အလှူပြုလို၍ဖြစ်စေ၊ ဖူးမြင်လို၍ဖြစ်စေ ပင့်လျှောက် သူရှိပါကညဉ့် အိပ်ညဉ့်နေသွားရမည်ဆိုလျှင် ဒါနဉ္စဒါတုံ၊
ဓမ္မဉ္စသော တုံ၊ ဘိက္ခုံစ ပဿိတုံ ဟူသော ဝိနည်းဒေသနာတော်နှင့်အညီ ဝါပန်၍
သွားကြရသည်။ ဝါမပန်ဘဲ ညဉ့်အိပ်ညဉ့်နေသွားမိလျှင် ဝါကျိုး၊ ဝါပျက်သည်ဟု
သတ်မှတ်သည်။ ဝါဆိုလဟုခေါ်တွင်ခြင်းမှာကား ရဟန်းသံဃာများသည် မိုးသုံးလအတွင်း၌ ကျောင်းတွင်နေပါမည်ဟု
ရွတ်ဆိုကာ ဝါဆိုဝါကပ်ပြီး မိုးခိုသောလဖြစ်သောကြောင့် ဝါဆိုလဟုခေါ်တွင်ကြောင်း
မှတ်သားရသည်။ ဝါဆိုလ၌ထွန်းသောတာရာမှာ ဗျိုင်းတာရာဖြစ်ပြီး ရာသီရုပ်မှာ
ပုစွန်လုံးပုံဖြစ်သည်။ အာသဠီနက္ခတ်နှင့် စန်းယှဉ်၍ လပြည့်သည်။ ရာသီပန်းမှာပုန်းညက်ပန်းဖြစ်သည်။ဝါဆိုလသည်
ဗေဒင်အခေါ် ကရကဋ်ရာသီ၊ ထိုရာသီတွင် ပြုဗ္ဗာသာဠ်နှင့်လမင်းတို့ ယှဉ်ပြိုင်ကာ
မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်သည်။ ဝါဆိုလကို အကြောင်းပြု၍
မဟာအတုလမင်းကြီး၏ ဝါဆို လဖွဲ့လွမ်းချင်း တစ်ပုဒ်တွင် ကိုးခွင်ဝယ် မှိုင်းပါလို့၊
မြင်တိုင်းမှာတဲ့မည်းညို၊ လဲ့လဲ့ငယ်စို၊ ယုဂန္ဓိုရ် တောင်မဟာက ပြုဗ္ဗာသာဠ်ထွန်းတဲ့ လကိုလေး.....၊
ဆင်တာရာငယ်၊ ရာသီကရကဋ်၊ နရိန္ဒာလဲညာတောင်နတ်နှင့် ဗိုလ်မြတ်ကယ်နိဗ္ဗူ၊
အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက် ညိုမာလာမင်းက
သင်းလှတယ်လေးဟု ဖွဲ့ဆိုခဲ့သည်။ ရှေးမင်းများလက်ထက်က ဝါဆိုလတွင် ပဉ္စင်းခံပွဲများကျင်းပလေ့ရှိသဖြင့်
ဝါဆိုလ၏ ပွဲတော်မှာ ပဉ္စင်းခံပွဲ
တော်ဟု သတ်မှတ်ထားသည်။ မြတ်စွာဘုရားသည်
မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦးဟောပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့ ရဟန်းပြုခွင့်
ပန်ကြားရာခွင့်ပြုပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ရကြသည်။ ဤအကြောင်းကို အရင်းခံ၍ ဝါဆိုလ၌
ပဉ္စင်းခံပွဲများ ကျင်းပကြခြင်းဖြစ်သည်။ အလားတူစွာ ရှေးဘုရင်များလက်ထက် နယုန်လအတွင်း
ကျင်းပပြီးစီးခဲ့သော စာပြန်ပွဲတော်၌ ထူးချွန်သော သာမဏေများကို
ရဟန်းဘောင်သို့သွတ်သွင်းရာမှ ပဉ္စင်းခံပွဲတော်တွင်ကျယ်လာခြင်းဖြစ်သည်။ စာပေအထောက်အထားများအရ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊
ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် ပဉ္စင်းခံပွဲတော်များ
တခမ်းတနားကျင်းပခဲ့ကြောင်းသိရသည်။ မြန်မာဘုရင်အဆက်ဆက်သည် ထေရဝါဒဗုဒ္ဓသာသနာတော်အဓွန့်ရှည်ရေး၊ စည်ကားပြန့်ပွားရေးကို အလွန်အားပေးချီးမြှောက်ခဲ့ကြသည်။
ဗုဒ္ဓ၏တရားဒေသနာတော်များသည် လူသားတို့အား လောကကြောင်း၊
ဓမ္မကြောင်းနှစ်ဖြာသောအကြောင်းတို့၌
ကောင်းမွန်သန့်စင်ရည်မွန်ယဉ်ကျေးအောင် ပဲ့ပြင်ပေးသည်။ ထို့ကြောင့်
ဗုဒ္ဓသာသနာတော်ယဉ်ကျေးမှုများ ပျံ့နှံ့သက်ရောက်စေရေးအတွက် ရဟန်းဘဝတွင်နှစ်ဝါ၊
သုံးဝါမျှသာနေရန် ရည်ရွယ်သူဖြစ်စေကာမူ ဗုဒ္ဓယဉ်ကျေးမှု၏ အမွေ၊ အနှစ်များ
ရရှိသွားစေလိုသော စေတနာရည်ရွယ် ချက်ဖြင့် ထိုသူများကိုပါ ဘုရင်မင်းမြတ်တို့က
ပဉ္စင်းခံပေးခြင်းဖြစ်သည်။ ယနေ့ကာလအထိ ဝါဆိုလအတွင်း ပဉ္စင်းခံပွဲများကိုနေရာဒေသအလိုက် ပြုလုပ်လျက်ရှိရာကောင်းမြတ်သော
မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံညီညွတ်လျက်ရှိပေသည်။ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာအယူဝါဒ ရေးဆိုင်ရာနေ့ထူးနေ့ မြတ်ဖြစ်သည်။ဝါဆိုလပြည့်နေ့၏ထူးခြားမှုမှာ
ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူ သောနိမိတ်ကြီး လေးပါးကို မြင်မိရာမှ သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့
ရောက်တော်မူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာဟောတော်မူသောနေ့၊ သာဝတ္ထိပြည်
သရက်ဖြူပင်ရင်း၌ တိတ္ထိတက္ကတွန်းများကို နှိမ်နင်းရန် တန်ခိုးပြာဋိဟာပြသောနေ့များသည်
ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်ဓမ္မစက်၊
တန်ခိုးပြာဋိဟာဟု စာချိုးတွင် သတ်မှတ်ခဲ့ကြသည်။ ဝါဆိုလ၊ ဝါဆိုပွဲတော်ဟုဆိုရာ၌
ဝါဆိုလတွင် သက်ကြီးဝါကြီးပူဇော်ကန်တော့ပွဲ၊ သံဃာတော်များ ဝါဆိုဝါကပ်သောပွဲ၊
ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပူဇော်ပွဲများ အရပ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ရှေးကဘုရင်မင်းမြတ်များသည် ဝါဝင်ကာလတွင်တစ်ကြိမ်၊ ဝါကျွတ်ကာလတွင်တစ်ကြိမ် မင်းသား၊
မင်းသမီး၊ မင်းမြေး၊ မင်းမှုထမ်းတို့၏ ကန်တော့ခြင်းကို ခံယူကြသည်။ ထိုထုံးကိုနှလုံးမူ၍ အချို့သောအရပ်ဒေသများတွင် ဂါရဝမင်္ဂလာ၊ ပူဇာစ
ပူဇနေယျာနံ မင်္ဂလာနှင့်အညီ အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးသူများကို ပူဇော်ကန်တော့ကြသည်။
ရဟန်းတော်အရှင်သူမြတ်များသည်လည်း သိက္ခာ၊ ဝါကြီးတော်မူသည့် နီးစပ်ရာ
ဆရာတော်ကြီးများအား လိုက်လံကန်တော့သော အစဉ်အလာရှိခဲ့ပြီး ထိုအစဉ်အလာသည်
ယနေ့ထိတိုင် တည်ရှိနေသည်။ဝါဆိုလသည် စိုက်ပင်၊ ပျိုးပင်များစိုက်ပျိုးပြီးစ အချိန်ဖြစ်သည်။
ထိုအချိန်တွင် သံဃာတော်များ ခရီးလှည့်လည်သွားလာနေကြရာ လယ်ထဲ၊ယာထဲမှ
ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးသဖြင့် လူများ၏ပြစ်တင်ငြိုငြင်ခြင်းကို ခံရသည်။
ထို့ကြောင့်မြတ်စွာဘုရားသည် မိမိ၏တပည့်သား သံဃာတော်များအား ဝါဆိုလပြည့် ကျော်တစ်ရက်နေ့၌ဖြစ်စေ၊ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့၌ဖြစ်စေ
ဝါဆိုဝါကပ်ကြရမည်။ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်သို့မျှ ညဉ့်အိပ်ညဉ့်နေမသွားကြရဟု ပညတ်တော်မူသည်။ ဝါကပ်ရာတွင် ပုရိမဝါနှင့် ပစ္ဆိမဝါဟူ၍ နှစ်မျိုးရှိသည်။ ပုရိမဝါကို
ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ စတင်ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်ကာ
ဝါကျွတ်ခြင်းဟု သတ်မှတ်သည်။ အကြောင်းမညီ ညွတ်၍ ပုရိမဝါမဆိုလိုက်ရလျှင်
ဝါခေါင်လပြည့်ကျော်တစ်ရက်၌ ပစ္ဆိမဝါကပ်နိုင်သေးသည်။ပစ္ဆိမဝါမှာ တန်ဆောင်မုန်းလပြည့်နေ့တွင်
သုံးလပြည့်ကာ ဝါကျွတ်သည်။ သုံးလူ့ထွတ်ထား
သဗ္ဗညုမြတ်စွာဘုရား လက်ထက်တော်က တပည့်သံဃာတော်များအား ခွင့်ပြုထားတော်မူသော
သင်္ကန်းတို့တွင်ဝဿဝါ သိကသင်္ကန်းနှင့်ဝဿိကသာဋိကသင်္ကန်းတို့ ပါဝင်သည်။ ဝဿဝါသိကသင်္ကန်းမှာ
မိုးကာလပတ်လုံး ဝါမကျိုး၊ ဝါမပျက်ဘဲဝါဆိုဝါကပ်နေပြီးသော ရဟန်းအားလှူဒါန်းသည့်သင်္ကန်းဟု အဓိပ္ပာယ်ရသော ဝါကျွတ်သင်္ကန်းဖြစ်သည်။ ထိုသင်္ကန်းကို ဝါဆိုပြီးသော ရဟန်းတော်များ ဝါကျွတ်ချိန်တွင်
အလှူခံ ယူရန် မြတ်စွာဘုရားခွင့်ပြုတော်မူခဲ့သည်။ သို့ရာတွင် အခြေအနေအရ အရေးပေါ်၊ ရုတ်တရက် လှူဒါန်းလိုပါကလည်း ဝဿဝါသိကသင်္ကန်းမျိုးကို ဝါမကျွတ်မီဆယ်ရက်အလို ဝါတွင်းကာလ၌ လည်းအလှူခံနိုင်သည်ဟု
မြတ်စွာဘုရားခွင့်ပြုတော်မူသည်။ ဝဿိက သာဋိကသင်္ကန်းမှာ မိုးတွင်းအခါ၌
ဝတ်အပ်သောသင်္ကန်းဖြစ်ပြီး နယုန်လပြည့်ကျော်မှစ၍ အလှူခံနိုင်ပြီး ဝါဆိုလဆန်းတွင် ဝတ်နိုင်သောသင်္ကန်းဖြစ်သည်။
မိုးရွာသည့်အခါ၌ ရေသနုပ်ကဲ့သို့ အသုံးပြုရသည်။ အဓိဋ္ဌာန်သီးခြား တင်ရသည်။
ယနေ့လူသိများသော ဝါဆိုသင်္ကန်းကိုမူ သံဃာတော်များဝါဆိုတော်မမူမီ တစ်ဆယ့်ငါးရက်အတွင်း လှူဒါန်းလေ့ ရှိကြသည်။ယနေ့ကာလတွင်
ဝါဆိုလဆန်းတစ်ရက်မှ ဝါဆိုလပြည့်နေ့ အထိ (ဝါထပ်နှစ်တွင် ဒုတိယဝါဆိုလဆန်းတစ်ရက်မှ
ဒုတိယဝါဆိုလပြည့်နေ့အထိ) တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ သံဃာတော်များအား
ဝါဆိုသင်္ကန်းနှင့် ဆွမ်းခဲဖွယ် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ဝါဆိုလပြည့်နေ့တွင်ကား ဘုန်းကြီးကျောင်းများတွင် သီတင်းသီလဆောက်တည်သူများနှင့် စည်ကားသလို
တန်ခိုးကြီးဘုရားများတွင်လည်း ဘုရားဖူးများနှင့် စည်ကားသိုက်မြိုက် လျက်ရှိသည်။
အထူး သဖြင့် မိုးဦးကာလ ဝါဆိုလအတွင်း ထာဝရကုသိုလ်အနေဖြင့် သစ်ပင်များစုပေါင်းစိုက်ပျိုးကုသိုလ်ယူလေ့ရှိသဖြင့်
ဝါဆိုလအခါသမယသည် ကောင်းမြတ်မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသောလတစ်လဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။
မကွေးတိုင်း(ပွင့်ဖြူ)
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။ ထိုနေ့သည် စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတာ်နေ့လည်း ဖြစ်ပါသည်။ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃) လကြာ ဆင်နွှဲကျင်းပတာဖြစ်ပါတယ်။ စေတီတော်မြတ်ကြီးကို လာရောက်ဦးခိုက် ဘုရားဖူးလာတဲ့ ငါးများလည်းရှိပါသည်။ ဒါ့ကြောင့် ဘုရားဖူး ငါးခေါ်ပွဲကိုလည်း တစ်ခမ်းတစ်နားနဲ့ ထည့်သွင်း ကျင်းပလေ့ရှိပါတယ်။ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) လည်းဖြစ် ၊ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့လည်းဖြစ်ပြီး ဘုရားဖူးပြည်သူတွေနဲ့ အရမ်းကိုစည်ကားလျက်ရှိကာ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာ ဖူးမြော်နိုင်အောင်လည်း စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူတွေအနေနဲ့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန္တာငါးရာနဲ့ ခုနှစ်ရက်တိုင်တိုင် သီတင်းသုံး နေထိုင်ခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းများကို လေ့လာခွင့်ရပါမယ်။ ပြီးရင် စေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာရှိတဲ့ ရှင်မဟာပုဏ္ဏမထေရ်မြတ်၏ သစ္စာဆေးတော်ကန်နဲ့ စန္ဒကူးပင်တောက တစ်ပင်တည်းသော စန္ဒကူးပင်ကြီးက ထူးကဲအနံ့အရသာ စန္ဒကူးနံ့သာ ထွက်ရှိမှုကို လေ့လာခွင့် ရပါမယ်။ နောက်ပြီး စေတီတော်ကြီးအနီးမှာရှိတဲ့ ငါး/လိပ်ကန်မှာ ကုသိုလ်ပြု အစာကျွေးမွေးလှူဒါန်းနိုင်ပါတယ်။ ခုလို ဘုရားဖူးလာတဲ့သူတွေများသည့်အတွက်ကြောင့် ဒေသဒေဈေးသည်တွေနဲ့ ဘုရားပွဲတော် ဈေးလာရောင်းကြတဲ့ ဈေးသည်တွေ ဈေးရောင်းကောင်းပြီး လုပ်ငန်းအဆင်ပြေကြပါသည်။
ပွင့်ဖြူမြို့နယ်
ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ
စေတီတော်မြတ်ကြီးသည် သက်တော်ထင်ရှားရှိစဉ်က ရဟန္တာငါးရာဖြင့် ခုနှစ်ရက်တိုင်တိုင်
သီတင်းသုံးနေထိုင်ခဲ့သည့် စေတီတော်မြတ်ကြီးဖြစ်၍ ယခုလို
နေ့ထူးနေ့မြတ်ရက်များနှင့် ပွင့်လင်းရာသီချိန်များတွင်
ပြည်တွင်းဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြသည့်
နေရာဒေသတစ်ခုလည်းဖြစ်သည်။
စစ်ကိုင်းတိုင်း(စွမ်းဦးပုညရှင်)
စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏
ပထမဆုံးပွဲဖြစ်သော သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး (၇၀ဝ)အား ဆွမ်းကြီးလောင်းလှူကြပါသည်။ဆွမ်းဦးပုညရှင်စေတီတော်
ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ဝါဆိုလပြည်နေ့ (ဓမ္မစင်္ကြာ အခါတော်နေ့)၌ ကျင်းပလေ့ရှိပြီး ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ပင့်သံဃာဆရာတော် အပါး ၇၀ဝ တို့အား ဝါဆိုသင်္ကန်းနှင့်
လှူဖွယ်ဝတ္ထု အစုစုလှူဒါန်းခြင်း၊ စစ်ကိုင်းမြို့ရှိ ဆွမ်းတော်ကြီး ဝတ်အသင်းများမှ
ဆွမ်းဦးပုညရှင်စေတီတွင် ဆွမ်းကြီးလောင်းလှူခြင်းများ ဖြင့်စည်ကားလျက်ရှိသည်။
စစ်ကိုင်းမြို့၏
ဝါတွင်းကာလဘုရားစဉ်ပွဲ၏ ပထမဆုံးပွဲဖြစ်သော စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင်
စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေး ရွာများ၊
အနယ်နယ် အရပ်ရပ်မှ စစ်ကိုင်းတောင်ရိုးသို့ ဝါဆိုသင်္ကန်း လာရောက်ကပ်လှူသူများ၊
ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားလျက်ရှိသည့် ပွဲတော်ဖြစ်ပါသည်။
သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂) လရာသီပွဲတော်များအနက် ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်း အနားတွင် ဓမ္မစကြာတရား ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)နံနက်တွင် စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းများ သီ လပေးတရားပွဲ၊ နေ့တရားပွဲနှင့် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကိုဆောင်ရွက်ကြပါသည်။
No comments:
Post a Comment