Monday, December 25, 2023

ကျိုက်ထီးရိုးဘုရား

 

ကျိုက်ထီးရိုးဘုရား

ကျိုက်ထီးရိုး‌‌စေတီ‌တော်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး ပေါင်းလောင်း တောင်ပေါ်တွင် တည်ရှိသော စေတီဖြစ်သည်။

စေတီတော်တည်ထားပုံ



ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ် သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူ ဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင် ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွဋ်မှာ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၁၅ ပေမြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။ ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏ အစွန်းတွင် လုံးပတ်ပေ ၅၀ ခန့်ရှိသော ဦးခေါင်း ပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။ ထိုကျောက်တုံးကြီး ပေါ်တွင်မှ ဉာဏ်တော် ၁၅ပေခန့် မြင့်သော စေတီတော် တည်ထားသည်။ စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက် သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကိုတွန်း၍ အောက်ခံကျောက်အကြားသို့ အပ်ချည်ကြိုးကို သွင်းပြီး လျှင် ဆွဲယူနိုင်သည်။ ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိသည်။

သမိုင်း
မြတ်စွာဘုရားသည်မဟာသက္ကရာဇ် ၁⁠၁၁ ခုနှစ် ဆောင်းဥတုတွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွချီ တော်မူခဲ့ရာ၊ သထုံဘုရင် တိဿဓမ္မ သီဟရာဇာမင်းနှင့် မှူးမတ်ပြည်သူအပေါင်းတို့က စံကျောင်း တော်မဏ္ဍပ်ကြီးကို ဆောက်လုပ်လှူဒါန်းကြသည်။ ဘုရားသခင်သည် ထိုမင်္ဂလာမဏ္ဍပ်တော်၌ ၇ ရက်တိုင်တိုင် စံနေတော်မူစဉ် များစွာသော ဝေနေယျသတ္တဝါတို့အား တရားတော် အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ ထိုအခါ ဂစ္ဆဂိရိတောင်က တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိတောင်က သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓာတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန် ကြသဖြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်။ နောက်နေ့ရက် များ မကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသ တောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်ကနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ ဆူ ချီးမြှင့် ပေးသနား တော်မူခဲ့လေသည်။ ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန် တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာ ခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန် မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓဉာဏရသေ့အား ပေးအပ်ခဲ့လေသည်။ ဗုဒ္ဓါဏ ရသေ့သည် ဆံတော်ဓာတ် ၃ ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင် ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ ဆူကို မည်သို့ မည်ပုံထား ခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံး ထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ ဘုရား ဘွဲ့တော်မှာ ရသေ့၏ ဦးခေါင်းသဏ္ဌာန်နှင့် တူသောကျောက်တုံးပေါ်၌ တည်ထားသောကြောင့်လည်းကောင်း၊ မွန်တို့ ကမူ ကျိုက်ဣသိယဵု(ကျိုက်ဣစိ့ယေ) ရသေ့ဦးခေါင်ဖြင်ရွှတ်သောဘုရားဟု ခေါ်ဝေါ်ကြလေ သည်။နောင်ကာလကြာလတ်သော် ကျိုက်ဣသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့ လျောလာလေ သည်။ ကျန်ဆံတော် ၂ ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာ သနှင့် ကုသိနာရုံဟု ထင်ရှားသည်။

သဘာဝရှုခင်း

ကျိုက်ထီးရိုး ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်။ အနောက်ဘက်သို့ မျှော်ကြည့်လျှင် စစ်‌တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမောဓောစေတီကို ဖူးမြင်နိုင်သည်။ ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂ သွယ် ရှိသည်။ တစ်သွယ်မှာ စစ်တောင်းရွာမှ တက်ရသောလမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့်ဝေး သော ကင်မွန်းစခန်းမှ တက်ရသောလမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။ ယခုအခါကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့် ဆိုင်းရန်မလိုခြင်းတော့ပါ။

ပွဲတော်ကာလ

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုကျင်းပချိန်မှာ နှစ်စဉ် တပို့တွဲလမှ တန်ခူးလအထိဖြစ်သည်။ ပွဲတော် အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရောက်ကြသည်။  နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့်  များစွာစည်ကားသောပွဲတော်တစ်ခုလည်းဖြစ်သည်။ ဘုရားသို့ တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ကင်ပြွမ်းပင်၊ ရေမြောင်ကြီးဘိုးပြန်တောင် စိုင်တမော့ အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည် ။ ကင်မွန်းစခန်း ၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော် ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကျင်နတ် ပန်းတင်နတ်စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်။ဘုရားဖူးများသည် နားနားနေနေ တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီး ရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမြော်နိုင်ကြပေပြီးဖြစ်သည်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါး ဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်းလေ့ရှိကြသည်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုးဘိုးကြီးနတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။ ကျိုက်ထီးရိုးဘုရားမှတဆင့်ရသေ့တောင်၊ စမတောင်၊ ဝိဇ္ဇာတောင် ရေတံခွန် များသို့ ကားလမ်းဖောက်လုပ်ပြီးစီး၍ ကားဖြစ်အလွယ်တကူ လှည့်လည် သွားရောက်နိုင်ပြီ ဖြစ်သည်။ 

ခြေလျင်ခရီး

ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားသို့ ခြေလျင်တက်မည်ဆိုပါက စခန်းပေါင်း ၃၇ ခုကို ဖြတ်သန်းသွားရသည်။ ခရီးအရှည်မှာ ၇ မိုင်ခွဲခန့် ရှိသည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးဘုရား အထိ ခြေလျင်တက်မည်ဆိုပါက ပုံမှန်တက်နိုင်သူများအတွက် သုံးနာရီ သို့မဟုတ် လေးနာရီခန့် ကြာမြင့်သည်။ အေးအေးဆေးဆေး နားရင်းသွားရင်းလုပ်မည်ဆိုပါက ထို့ထက်မက ကြာမြင့် သည်။ စခန်းများကို အစဉ်လိုက် ရေတွက်ပါက အောက်ပါအတိုင်း ဖြစ်သည်။

၁။ကင်မွန်းစခန်း ၂။ ဆင်ဆွဲလမ်း ၃။ ရေမြောင်ကလေးစခန်း ၄။ ရုန်းပင်စခန်း ၅။ တညင်းပင်စခန်း၆။ မရမ်းတောင်စခန်း ၇။ ဇင်ပြွမ်းပင်စခန်း ၈။ ရွှေရင်ဆို့စခန်း ၉။ ရွှေရင်သာစခန်း ၁၀။ ကဒတ်ချောင်းစခန်း ၁၁။ သစ်ချပင်စခန်း ၁၂။ ရေတံခွန်စခန်း ၁၃။ ဂွေးပင်စခန်း ၁၄။ ကွမ်းသီးမြောင်စခန်း ၁၅။ အောက်ကျောက်ဖြာစခန်း ၁၆။ မြင်တော်မူစခန်း ၁၇။ ရေမြောင်ကြီးစခန်း ၁၈။ ပန်းမတောင်စခန်း  ၁၉။ မဟာမြိုင်စခန်း  ၂၀။ ကွမ်းသီးသုံးပင်စခန်း ၂၁။ ထိန်ပင်စခန်း ၂၂။ သရက်ပင်စခန်း ၂၃။ ဘိုးပြန်တောင်စခန်း ၂၄။ ဘန့်ဘွေးပင်စခန်း ၂၅။ သပြေညိုစခန်း ၂၆။ အောက်စိုင်တမော့စခန်း ၂၇။ အထက်စိုင်တမော့စခန်း ၂၈။ အထက်ကျောက်ဖျာစခန်း ၂၉။ စခန်းလေးစခန်း ၃၀။ နဂါးပတ်တောင် ၃၁။ ပန်းတင်ကျောက်စခန်း ၃၂။ လွမ်းစေတီ၊ မြစေတီ ၃၃။ ရွှေရင်အေးစခန်း ၃၄။ ကျောက်သမ္ဗန်စခန်း ၃၅။ ရွှေနန်းကျင်စခန်း ၃၆။ ရေစည်ကြီးစခန်း ၃၇။ ကျိုက္ကသီယို (ခေါ် ) ကျိုက်ထီးရိုးရင်ပြင်တော် တို့ဖြစ်သည်။

ကျီးပါးစပ်ဂူ

ကျီးပါးစပ်ဂူ သည် ကျိုက်ထီးရိုးရင်ပြင်တော် မြောက်ဘက်တွင် တည်ရှိသည်။ ရင်ပြင်တော်မှ မြောက်ဘက် အောက်သို့ နှစ်ဖာလုံကျော် ဆင်းသွားရသည်။ သွားရာလမ်း ဝဲ/ယာ တွင် တောထွက်ဆေးမျိုးစုံဆိုင်များ၊ ပရဆေးဆိုင်များ၊ ဝါး/ကြိမ် တို့ဖြင့် ပြုလုပ်ထားသော လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ အမှတ်တရ အင်္ကျီ အဝတ်အစား အရောင်းဆိုင်၊ စားသောက် ဆိုင်များ ရှိပေသည်။  ကျီးပါးဂူပေါက်ဝမှာ ကျဉ်းသည်ဟု ထင်ရသော် လည်း မည်မျှပင်ဝသူဖြစ်စေ ဝင်ရောက်၍ ရသည်။ အတွင်းသို့သွားရာလမ်းမှာ အတန်ကျယ် သည်။ ကျီးပါးစပ်ဂူ အတွင်းတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိသည်။ ဂူပေါက်လမ်းကြောင်းသည် စစ်တောင်းမြစ်အထိ ရောက်သည်ဟု ဆိုကြသည်။ ဂူအနီးတွင် နတ်ရုပ်နှင့် နတ်ကွန်းရှိသည်။ ကျီးပါးစပ်ပေါ်မှစေတီတော်သည် ဇမ္ဗူအေးစေတီ ဖြစ်သည်။







ကျိုက်ထီးရိုးစေတီတော်


ကျီးပါးစပ်ဂူ


ကျီးပါးစပ်လှိုဏ်ဂူ‌


Saturday, December 23, 2023

မန်းချောင်းဆင်စခန်း

 

မန်းချောင်းဆင်စခန်း


ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း” ကို မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးအနီး၊ မန်းရွှေစက်တော်သို့သွားရာ (၈)မိုင်လမ်းဘေး၊ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာ လှပသော သဘာဝ ရှုခင်း အလှများကို အခြေခံ၍ ခရီးသွားများ အပန်းဖြေ အနားယူရန် ရည်ရွယ်ဖွင့်လှစ်ထား ပါတယ်။

ဆင်စခန်း၏ ဧရိယာ အကျယ်အဝန်းမှာ ပဒေါင်း - ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောမှ ဧက ၅၀၊ မြေလွတ်မြေရိုင်းမှ ဧက ၉၀ စုစုပေါင်းဧက ၁၄၀ ကျယ်ဝန်းပြီး ဆင်စာစားကျက်မြေမှာ ကြိုးပြင်ကာကွယ်တောအတွင်း၌ ဧက ၇၀၀ ကျယ်ဝန်းပါတယ်။

 ဆင်စခန်း ဝန်ဆောင်မှုလုပ်ငန်း

 ခရီးသွားများအနေဖြင့်ဆင်စခန်း၏ ဆင်များနှင့်ပတ်သက်သည့် အကြောင်းအရာ များကိုသိရှိနိုင်ပြီး ဆင်စီးရင်း တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို ကြည့်ရှုခံစား နိုင်စေရန်၊ ဆင်စာအပြင် ဆင်များအားဆင်စာဘူဖေးကျွေးမွေးနိုင်စေရန်၊ ဆင်ရေချမှု (ဆင်ရေချိုးခြင်း)ကို ကြည့်ရှုလေ့လာနိုင်ပြီး ဆင်ဦးစီးများနှင့်အတူ ကိုယ်တိုင် ရေချ (ရေချိုး ) ပေးနိုင်စေရန်၊ ဆင်အလှပြသမှုကို ကြည့်ရှုနိုင်စေရန်၊ မန်းချောင်းအတွင်း ရေချိုး၊ ရေကစား နိုင်စေရန်၊ ဆင်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများရိုက် ကူးနိုင်စေရန်၊ ကလေးကစားကွင်းများတွင် ပျော်ရွှင်စွာဆော့ကစားနိုင်စေရန်၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်စေရန်၊ အစားအသောက်များ မှာယူစားသုံးနိုင်စေရန်၊ နားနေ ဆောင်များ တွင် အေးချမ်းစွာအပန်းဖြေအနားယူနိုင်စေရန်နှင့် တည်းခိုဆောင်များတွင် ညအိပ်တည်းခိုနိုင် စေရန် စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို ရရှိနိုင်တဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် အလှအပကိုခံစားနိုင်တဲ့အပြင် စိတ်ကြည်နူးချမ်းမြေ့ရမှာဖြစ်ပါတယ်။

ဆင်စခန်းရှိ ထူးခြားသောအစီအစဉ်များအနေဖြင့် ဧည့်ခံဖျော်ဖြေသည့် ဆင်လိမ္မာကလေးများမှ ဆင်သရုပ်ပြခြင်းနှင့် ဆင်အကအလှပြပွဲကို ထည့်သွင်းဆောင်ရွက်ထားပါတယ်။

ဆင်သရုပ်ပြခြင်းအစီအစဉ်များတွင် ဆင်လိမ္မာကလေးက ကြိုဆိုနှုတ်ခွန်းဆက်သ၍ ဦးချခြင်း၊ ပန်းခြင်းလက်ဆောင်ပေးခြင်း၊ အလံတင်အလေးပြုပြခြင်း၊ ဦးထုပ်ဆောင်းပေးခြင်း၊ ပုသိမ်ထီးဆောင်း၍ သစ်တုံးများပေါ်တွင် လမ်းလျှောက်ပြခြင်း၊ သစ်တုံးပေါ်၌ ကိုယ်ဟန်ခြေလက်တို့ဖြင့် ယိမ်းနွဲ့ကပြခြင်း၊ ဘောလုံးကိုင်၊ ဘောလုံးကန်နှင့် ဘောလုံးပစ်ပေါက်၍ကစားပြခြင်း၊ အာလူး ကောက်ကစားပြ ခြင်း၊ Music တူရိယာများတီးမှုတ်ပြခြင်း၊ အမှိုက်များကို ဆင်များက ၎င်းတို့၏ မှတ်ဉာဏ်ဖြင့် အမျိုးအစားခွဲခြားပြသခြင်းများအပြင် မြန်မာ့သစ်လုပ်ငန်း၏ အဓိကလုပ်ငန်း တာဝန်တစ်ခုဖြစ်သော ဆင်များဖြင့် သစ်ဆွဲပြသခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်း စသည့်သရုပ်ပြခြင်းအစီအစဉ်ပေါင်းများစွာ ပါဝင်သည်။

ဘုရားပွဲတော်ကာလတစ်လျှောက် သဘာဝတောတောင်ရေမြေအလှတရားများကို မန်းချောင်း အတွင်း လှေလှော်ရင်းကြည့်ရှုခံစားနိုင်ရန် မန်းရွှေစက်တော်ဘုရားအဝင် လှေတင်တံတားထိပ်မှ ဆင်စခန်းအထိ ရေမိုင်နှစ်မိုင်ခန့် အပျော်စီးလှေများဖြင့် လှေလှော်ရင်း သွားရောက် လည်ပတ် လေ့လာနိုင်ပါတယ်။

မန်းချောင်းဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ်နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားကာ Elephant Show အစီအစဉ်ကို နေ့စဉ်နံနက် ၁၀ နာရီတွင် ပြသလျက် ရှိသည်။ ဆင်စခန်းသို့ လာရောက်သူများအား ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ငွေကျပ် ၅၀၀၀ နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀၀၀၀ နှင့် ခရီးတိုဆင်စီးခငွေကျပ် ၁၀၀၀၀ နှုန်း၊ တည်းခိုဆောင်အနေဖြင့် ဘန်ဂလို ၁၁ လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်ငှားရမ်းခငွေကျပ် ၃၀၀၀၀ နှုန်းသတ်မှတ်ထားကြောင်း သိရသည်။ တည်းခိုဆောင်များတွင် ငှားရမ်းနေထိုင်ကြသူများ စားသောက်ရန် စားသောက်ဆိုင်၌ ဝယ်ယူစားသုံးနိုင်သလို (ဆင်ဦးစီး)ဆင်ထိန်းဝန်ထမ်းများ၏ အမျိုးသမီးများက ဧည့်သည်များ စားချင်သည့်အစားအသောက်နှင့် အလွယ်တကူရရှိနိုင်သည့် အစားအသောက်ဟင်းလျာများ ချက်ပြုတ်ကျွေးမွေးကြသည့်အတွက် ခရီးသွားများအတွက် စိတ်ချမ်းမြေ့ရမယ် နေရာတစ်ခုအဖြစ် ဖော်ပြလိုက်ရပါတယ်။ ။



 










မန်းချောင်းဆင်စခန်း

မန်းရွှေစက်တော်ဘုရား

 

မန်းရွှေစက်တော်ဘုရား


မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို တပိုတွဲလဆန်း (၅)ရက် (ဇန်နဝါရီ ၂၅ ရက်)မှ မြန်မာနှစ်ဆန်း (၁)ရက်နေ့အထိ ရက်ပေါင်း(၈၀)ကြာ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ပွဲတော် များအနက် ရက်အရှည်ဆုံး ကျင်းပသည့် ပွဲတော်တစ်ခုလည်းဖြစသလို မြန်မာနိုင်ငံ၏ အစည် ကားဆုံးဘုရားပွဲတော်လည်းဖြစ်ပြီး ပွဲတော်အတွင်း ဘုရားဖူးခရီးသည်များ နေထိုင်မှု အဆင်ပြေ စေရန် အခန်းများလည်း ပြုလုပ်နေပါတယ်။

သမိုင်းဝင် မန်းရွှေစက်တော်ဘုရားပွဲ၏ ထူးခြားချက်မှာ အခြားအထင်ကရ နေရာများဖြစ်သည့် စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော် ဘေးမဲ့တော ဥယျဉ်ရှိ ကြယ်လိပ်နှင့် ရွှေသမင်ခြံများ၊ ငှက်မျိုးစိတ်များ ကြည့်ရှုလေ့လာ နိုင်သည့်အပြင် မဟာပုဏ္ဏရဟန္တာ အရှင်မြတ် တည်ထားကိုးကွယ်ခဲ့သော အောက်ကျောင်း သမုတ္တဂီရိ မြစေတီ ဘုရား၊ ရေပုတ်ကလေးရွာမှ ရွှေမြင်တင်စေတီနှင့် စကုမြို့မှ ထေရ်ကြီးစေတီများနှင့် ရုပ်စုံ ကျောင်းများမှာလည်း တဆက်တစပ်တည်း ဖြစ်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ခရီးသွား ပြည်သူများသည် ဘုရားစေတီများဖူးမြော်ကာ အထင်ကရနေရာများအား ဝင်ရောက် ကြည့်ရှု လေ့လာနိုင်သောနေရာလည်းဖြစ်သည့်အတွက်ကြောင့် ခရီးသွားများ အနေဖြင့်ရက်ရှည် ခရီး ထွက်သင့်သည့် နေရာဖြစ်တယ်လို့ အကြံပြုလိုပါတယ်။

စက်တော်ရာဘုရားတည်နေရာ

စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးသော အနောက် ရိုးမ အရှေ့ဘက်ဆုံးတောင်စွယ်ပေါ်တွင် တည်ရှိသည်။ စက်တော်ရာစေတီကို ရွှေစက်တော် ဟူ၍လည်ကောင်း၊ မန်းစက်တော်ရာ ဟူ၍လည်းကောင်း၊ မန်းရွှေစက်တော်ဟူ၍လည်းကောင်း ခေါ်ကြသည်။ စက်တော်ရာသို့ ဘုရားဖူးသွားလိုလျှင် မင်းဘူးနှင့် စကုမြို့များမှတစ်ဆင့် ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်သည်။ စက်တော်ရာသည် စကုမြို့၏ အနောက် တောင်ဘက် ၁၆ မိုင် အကွာတွင် တည်ရှိသည်။ စက်တော်ရာသည် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာဟူ၍ နှစ်ဌာနရှိသည်။ တောင်ပေါ်တွင် ရှိသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟု ခေါ်ကြ၍ တောင်အောက် မန်းချောင်းဘေး၌ ရှိသော ခြေတော်ရာတစ်ဆူကို အောက်စက်တော်ရာဟု ခေါ်ကြသည်။

ဘုရားသမိုင်း

ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် ငါးဝါမြောက်သောအခါ သုနာ ပရန္ထ တိုင်း၊ လယ်ကိုင်းမည်သော ဝါဏိဇ္ဇဂါမ၌ မဟာပုဏ် (မဟာပုဏ္ဏ)၊ စူဠပုဏ် (စူဠပုဏ္ဏ) ကုန်သည် ညီနောင် နှစ်ယောက်တို့သည် ဘုရားသခင်အား ပန်ကြား၍ စန္ဒကူးနံ့သာကျောင်းကို ဆောက် ၏။ ဘုရားသခင်လည်း သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှ ပြာသာဒ်ယာဉ်ပျံ ၅ဝဝ တွင် ရဟန္တာငါးရာတို့အား လိုက်ပါစေပြီး အခြံအရံပြုလျက် ကောင်းကင်ခရီးဖြင့် ကျောင်းတော် မပြီးမခြင်း အကြိမ်ကြိမ် ကြွတော်မူလာ၏။

ဤကိုရည်၍ ရှင်မဟာသီလဝံသ အရှင်သူမြတ်က တံတားဦးတည် မော်ကွန်းတွင် 'သုနာပရန်၊ ကျွန်းမွန်အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ်နှစ်ထပ်၊ စက်ရှင်ကွပ်၍၊ မြန်ရပ်တမူ၊ စည်လိမ့်ဟူသား၊ လှိုင်ကြူမေတ္တာ၊ ဈာန်ချမ်းသာဖြင့် စမ္ပာယ် ဓာတ်လှောင်း၊ နံ့သာကျောင်းဝယ်၊ ကျန်းအောင် ဘုန်းကြီး၊ ဆုံးမငြီးလျှင် မပြီးမခြင်း၊ လုပ်စဉ်တွင်း၌ သနင်းခေါက်ခေါက်၊ ကြိမ်ကြိမ် ရောက်၏' ဟူ၍ စပ်ဆိုထားခဲ့လေသည်။ ထိုကျောင်းပြီးသောအခါ အလှူခံတော် မူပြီးလျှင် ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာဖြင့် မွေ့လျော်တော်မူ၍ တရားဒေသနာ တိုက်ကျွေးတော်မူသည်။ ထို့ နောက် ဝါဏိဇ္ဇဂါမသို့ ဆွမ်းခံကြွတော်မူရာ နမ္မဒါမြစ် (ယခုမန်းချောင်းနား) သို့ရောက်တော်မူသည်။

ထိုအခါ ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းသည် မြတ်စွာဘုရား၌ အလွန်ကြည်ညိုသဖြင့် နဂါးပြည်သို့ ပင့်လျက် ကြီးစွာသော ပူဇော်သက္ကာရတို့ဖြင့် တရားတော်ကို နာ၏။ တရားနာ ပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခုကို ပေးတော်မူခဲ့ပါရန် လျှောက်ထား သည့်အတွက် မြတ်စွာဘုရားလည်း နမ္မဒါမြစ်နား၌ ခြေတော်ရာပါဒစေတီကို ထားတော်မူခဲ့သည်။

ထိုစက်တော်ရာကို အောက်စက်တော်ရာဟု ခေါ်ကြ၏။ မြတ်စွာဘုရားသည် ထိုမှ သစ္စာဗန္ဓ တောင်ထိပ်သို့ ကြွတော်မူ၏။ တောင်ထိပ်သို့ ရောက်တော်မူလျှင် ထိုအရပ်တွင် ရှိသော သစ္စဗန္ဓ ရသေ့ကို တရားဟောတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေသည်။ သစ္စဗန္ဓထေရ်လည်း အရိုအသေကိုးကွယ်ရာကို တောင်းပန်ရာ မြတ်စွာဘုရားလည်း တစ်ခဲနက်သော အပြင်ရှိ ကျောက်ဖျာထက်၌ စိုသော မြေစိုင်ခဲပေါ်တွင် တံဆိပ်ခတ်ဘိသကဲ့သို့ စက်တော်ရာပါဒစေတီကို ချတော်မူ၏။ ထို့နောက် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ဒုတိယချတော်မူသော ဤခြေရာတော်ကို အထက်စက်တော်ရာဟု ခေါ်တွင်ကြသည်။ ယင်းသို့ ခြေတော်ရာနှစ်ဆူ ချတော်မူသည်ကို ရှင်မဟာသီလဝံသသည် တန်တားဦးတည်မော်ကွန်း၌ 'ကျယ်ပြောနောင်လာ၊ ငါ့ရိုက်ရာကား၊ သုနာပရန်၊ ကျွန်းမွန် အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ် နှစ်ထပ်၊ စက်ရှင်ကွပ်၍' ဟူ၍လည်းကောင်း၊ ရှင်မဟာရဋ္ဌသာရ တံတား ဦးတည် မင်္ဂလာစေတီ မော်ကွန်း၌ 'ရွှေစက်နင်းနှိပ်၊ ရာတံဆိပ်ဖြင့်၊ မာရ်နှိပ်ထက်ကြပ်၊ စက်ရှင်ကွပ်သား' ဟူ၍ လည်းကောင်း၊ 'နမ္မဒါဟု၊ မြစ်သာကမ်းနား၊ တောင်ထွတ်ဖျားဝယ်၊ နှစ်ပါးတူကွ၊ ရာတော် ပြလျက်၊ လောကသခင်၊ မျှလောက်စင်သည်၊ စည်ပင် သာသနာ၊ တည်ကြာလာမည်'ဟူ၍ လည်းကောင်း၊ စပ်ဆိုခဲ့သည်။ ထို့ပြင် ရှင်မဟာရဋ္ဌသာရသည် ရွှေစက်တော်သွား တောလား တွင်လည်း 'ဘုန်းသန်သကျ၊ မိုနိန္ဒလျှင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူ ကျွန်းမြတ်၊ ဘုန်းထွဋ်သိရိ၊ တမ္ဗဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု နမန္ထာနား၊ ရာ့တပါးနှင့် တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော် ရွှေစက်၊ ရောင်ပြိုးပြက်သည်၊'ဟူ၍ စပ်ဆို ထားသည်။

ထိုစက်တော်ရာနှစ်ဆူကို မြတ်စွာဘုရားသခင် သက်တော်ထင်ရှား ရှိစဉ်ကပင်စ၍ အစဉ် အဆက် ကိုးကွယ်လာခဲ့ကြလေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်တွင် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်ကာ၊ လူသူ အရောက်အပေါက် မရှိဖြစ်ခဲ့၏။ ထိုနောင် သီရိခေတ္တရာ၊ ဒွတ္တပေါင်မင်းကြီး လက်ထက် မင်းကြီးကိုယ်တော်တိုင် ကြွရောက်လာ၍ စက်တော် ရာနှစ်ဆူ အထက်၌ စုလစ်မွန်းချွန်၊ တုရင်မှန်ကင်း၊ မုတ်တံခါးတို့ကို ပြုလုပ်လှူဒါန်းခဲ့၏။ ထိုနောက် ညောင်ဦး စောရဟန်မင်း၊ ကြောင်ဖြူမင်းတို့ အဖူးအမြော် ကြွရောက်၍ အလှူဒါန ပြုခဲ့ကြသည်။ ပုဂံ အနော်ရထာ စောမင်းမှာမူကား ရွှေချိန် တစ်ထောင်ကို လှူဒါန်း ခဲ့၍ ကျန်စစ်သားမင်းကြီးမှာမူ ကိုယ်လေးတော်အမျှဖြင့် ရွှေကိုလှူဒါန်း ရုံမက ပန်းထိမ်း၊ မဖဲစ သည့် ခုနစ်မြို့မှ လူပေါင်း ၁၅ဝ ကို စေတီအစောင့်အဖြစ် လှူဒါန်းခဲ့ဘူးသည်။

အလောင်းစည်သူမင်းကြီးကမူ မြေများ လှူဒါန်း၍ ထိုနယ်မြေမှ မြေဆီ မြေခွန်၊ ပွဲ၊ တည်၊ ဆိပ်၊ ကင်း၊ ကူးတို့၊ ဆင်သေ၊ မြင်းလဲခွန် များ၊ တရားကွမ်းဖိုးများကို ဘုရား၏ဝေယျာဝစ္စအတွက် လှူဒါန်းခဲ့လေသည်။ ဤသို့ မင်းစဉ်မင်းဆက် ကြွရောက်ဖူးမြော်၍ လှူဒါန်းခဲ့ကြသော်လည်း နောင်ကာလတွင် လူသူ အရောက်အပေါက် မရှိဖြစ်ကာ ချုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်ခဲ့ပြန်လေသည်။ အင်းဝသာလွန်မင်းတရားကြီး လက်ထက် ရောက်သောအခါမှ ပထမတောင် ဖီလာဆရာတော်စသော ဆရာတော်ကြီး ၄ ပါးတို့ သည် မင်းတရားကြီး လျှောက်ထား တောင်းပန်သဖြင့် ရှာဖွေတွေ့ရှိခဲ့ရာမှ စက်တော်ရာဒေသသို့ လူသူအရောက်အပေါက် လွယ်ကူစေရန် ရှင်းလင်းစေခဲ့လေသည်။ ထိုနောက် မင်းများသည် အ‌လောင်းမင်းတရားကြီး လက်ထက်တိုင် စက်တော်ရာဒေသသို့ ကြွရောက်၍ လှူဒါန်းပူဇော်ကြလေသည်။

သက္ကရာဇ် ၁ဝ၅၈ ခုနှစ်တွင် လယ်ကိုင်းမြို့ဒေသမှ ရှင်သုဓမ္မစာရီသည် ဘုရားဖူးလာသူတို့ အခက်အခဲ မတွေ့စေရန်နှင့် ရာသီဥတုဘေးဒဏ်မှ ကင်းဝေးစေရန် အထက်စက်တော်ရာကို ရှိရင်းတောင်ကမ်းပါးမှ ငြမ်းဆင်၍ ပြောင်းရွှေ့စေရာ ခြေတော်ရာမှ ခြေသန်းတော်မှာ ပဲ့သွားလေသည်။ ယင်းသို့ ပဲ့သွားသော နေရာတွင် ရွှေဖြင့် အစားထိုးပြင်ဆင်ထားခဲ့၏။ ယခုအခါ မြန်မာနိုင်ငံအရပ်ရပ်မှ လွယ်ကူစွာ သွားလာနိုင်ရန် စီစဉ်ထားလေသည်။

စက်တော်ရာအနီးအနားရှိ တောင်များ၊ ဒေသများကို ဘုရားသခင်၏ ခြေတော်ရာကို ချထားပေး သ နားရန် တောင်းပန်ခဲ့သော ပစ္စဗန္ဓမထေရ်အား အစွဲပြု၍ ယခုအခါ မှည့်ခေါ်ထားသည်ကို တွေ့ရ၏။ ထိုမထေရ်သည် ရှေးအခါ မုဆိုးအဖြစ်ဖြင့် အသက်မွေးခဲ့စဉ်က နေထိုင်သည် ကိုအစွဲပြု၍ အထက်စက်တော်ရာ ဘေးမှတောင်ကို 'မုဆိုးတောင်' ဟုလည်းကောင်း၊ ထိုတောင် အောက်ရှိသော သားကောင်မှရသည့် သားရေကြက်ရာ နေရာဖြစ်၍ 'သားရေကြက်တောင်'ဟု လည်းကောင်း ယုံမှတ်ခေါ်ဝေါ်ကြသည်။ မုဆိုးတောင်၏ လက်ျာအစွန်းတွင် ထူးခြားစွာ တည်ရှိ နေသော ကျောက်တုံးကြီးတစ်ခု၌ မုဆိုး၏ ဒူးထောက် ရာနှင့် ခြေရာများရှိ၍ ထိုခြေရာတို့တွင် တင်ရှိနေသော ရေများကို မျက်စဉ်းအဖြစ် ခတ်ပါက မျက်စိရောဂါများ ပျောက်သည်ဟု ယုံကြည်ကြသည်။ လမ်းခရီးစခန်းများကိုလည်း စက်တော်ရာသမိုင်းနှင့် ဆက်စပ်၍ အမည်မှည့် ခေါ်ထား၏။ စကုမြို့မှ ၇ မိုင်ခန့်အကွာ အနောက် ဘက်တွင် မုဆိုးကြီး ယုန်လိုက်ကြည့်ရာ တောအုပ်တစ်ခုရှိခဲ့သည်ဟု ယုံကြည်ဖြင့် ထိုနေရာကို 'ယုန်ကြည့်တောင်' ဟု ခေါ်ကြသည်။ မြတ်စွာဘုရားသခင် ကြွရောက်စဉ်က ဆွမ်းစားပြီးနောက် လုပ်တော်ဆေးခဲ့သည်ကို ရည်ညွှန်း ၍ 'လုပ်ဆေးချောင်း'ဟု ခေါ်တွင်ကြသည်။ ထိုချောင်းတွင် ဆန်စေ့တူသော ကျောက်ခဲကလေး များကို အနှံ့အပြား တွေ့ရှိရ၏။

စက်တော်ရာ ဘုရားသို့ ရောက်ခါနီး တောင်အဆင်းစခန်း တစ်ခုကိုလည်း မုဆိုးကြီးလေးတင်၍ ဆင်းရာအရပ်ဟု ယုံကြည်ကြကာ 'လေးတင်ဆင်းစခန်း'ဟု အမည်ပေးထားကြသည်။ အထက် စက်တော်ရာ တောင်ဘေးရှိ လိုဏ်ဂူတစ်ခုကို မြန်မာနိုင်ငံသမိုင်းတွင် မင်းငါးဆက်၏ မိဖုရား ဖြစ်ခဲ့သော ရှင်ဘို့မယ်သည် ရောက်လာ၍ စခန်းချနားနေလျက် ရက်ကန်းခတ်ခဲ့ဘူး သည်ကို ရည်မှတ်၍ 'ရှင်ဘို့မယ်တွင်း'ဟု ခေါ်ဝေါ်ကြ၏။ မိန်းမများသည် ထိုတွင်း၏ ဘေးတွင် အပေါက် ငယ်များ ပြုလုပ်၍ လက်ညှိုးကိုထားကာ ရက်ကန်းတတ်ပါစေ၊ ဗိုင်းတတ်ပါစေဟု ဆုတောင်း လေ့ရှိကြသည်။

စက်တော်ရာတောင်ကို မန်းချောင်းသည် ကွေ့ပတ်၍ စီးဆင်းရာ တောင်ခြေရင်းသို့ သုံးကြိမ် တိုင်တိုင် သုံးနေရာတွင် ချဉ်းကပ်ပြီးမှ တစ်ဖြောင့်တည်း စီးဆင်းသွားလေသည်။ ဤသည်ကို အသက်မရှိသော မန်းချောင်းပင်လျှင် မြတ်စွာဘုရား၏ ခြေတော်ရာအရပ်ကို ဦးသုံးကြိမ်တိုက် သည်ဟု ပြောစမှတ်ပြုကြလေသည်။

စက်တော်ရာဘုရားနှင့် စပ်လျဉ်း၍ စက်တော်ရာဘုရားကျောက်စာ၊ ရွှေစက်တော်တန်ဆောင်း ကျောက် စာဟူ၍ ကျောက်စာ ၂ ဆူ ရှိလေသည်။ ယင်းတို့မှာ မူလထိုးများ မဟုတ်ချေ။ စပ်ထိုးနှင့် ဆင့်ထိုးအသီး သီး ဖြစ်ကြ၏။ စက်တော်ရာဘုရား ကျောက်စာအရ ထီးလှိုင်ရှင် ကျန်စစ်သားမင်း (၄၂၇ခု)၊ အလောင်းစည်သူမင်း (၄၈၅ ခု၊ ၅၁၂ ခု)၊ နရပတိစည်သူမင်း (၅၄၅ ခု)၊ ပထမမင်းခေါင် (၇၆၇ ခု)နှင့် ဒုတိယ မင်းခေါင် (၈၄၇ ခု)တို့ ကျွန်သီးတော် ဝတ္တကံရွာ မြေရပ်များကို လှူဒါန်းကြကြောင်း သိရသည်။ ရွှေစက်တော်တန် ဆောင်း  ကျောက်စာ (၆ဝဝ ပြည့်နှစ်)တွင် ရွှေစက်တော်ဘုရား၌ တန်ဆောင်းဆောက်၍ ဝတ်မြေလှူကြောင်း ဖော်ပြထားသည်။

တည်းခိုနေထိုင်ရေး

ဘုရားဖူးခရီးသည်များ နေထိုင်ရေးအဆင်ပြေစေရန် တည်းခိုဆောင်များဆောက် လုပ်ထား လျက်ရှိရာတည်းခိုဆောင်ဌားရမ်းခများအား တစ်ရင်လျင် အထူးခန်း(VIP) တည်းခို ဆောင်(ရေချိုးခန်း၊အိမ် သာပါ)ရေစပ်အနီးတစ်ခန်းလျင် ၅၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ်အနီးတစ်ခန်းလျင် ၃၀၀၀၀ ကျပ် ၊ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်) တစ်ခန်းလျင် ၂၀၀၀၀ ကျပ်စီသတ်မှတ်ထားကြောင်း ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်း ကော်မတီမှ သိရသည်။

ဘုရားဖူးလာရောက်သူများအဆင်ပြေစွာသွားလာနိုင်စေရန် အထူးတံတား (ဘေလီသစ်သား တံတား )နေရာ၌ ဘေလီသံပေါင်တံတားသစ် ဆောက်လုပ်ထားပြီးဖြစ်ကာ မင်းဘူး-ရွှေစက်တော်နှင့် တောင်ပေပေါ်-တောင်အောက်သို့ ခရီးသည်တင်ကား များပြေးဆွဲပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။




ရွှေစက်တော်ဘုရား










ဘုရားခြေရာတော်









ရွှေစက်တော်ဘုရားပွဲအတွင်း တည်းခိုနေထိုင်ရာ အခန်းများနှင့်ဈေးဆိုင်ခန်းများ



 ဘုရားဖူးပြည်သူများအနေဖြင့်   ရွှေစက်တော်ဘုရားဖူးမျှော်ရင်း ဘုရားနှင့် သုံးမိုင်ခန့်အကွာတွင် ဘုရားဖူးပြည်သူများ အပန်းဖြေလေ့လာရေး ဆင်စခန်းဖွင့်လှစ်ထားရှိရာ အဆိုပါဆင်စခန်းကို ဘုရား ဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။


Sunday, December 17, 2023

တန်ခူးလ (မတ်/ဧပြီ)

တန်ခူးလ (မတ်/ဧပြီ) 





တန်ခူးလသည် မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည်။ မြန်မာတို့၏ နှစ်ဦးလလည်းဖြစ်သည်။ တန်ခူးလ၏ အမည်ကို “စန္ဒြာမာသ” ဟုလည်းခေါ်ကြသည်။ တန်ခူးလကို “တန်းခူးလ” ဟုလည်း ခေါ်ကြသည်။ တစ်ခါတစ်ရံပျို့ကဗျာတို့၌ “တာကူးလ” ဟု ရေးသားကြသည်ကိုလည်း တွေ့ရသည်။ တာကူးလဟု ရေးသားရခြင်းမှာ မိန်ရာသီမှ ပြိဿရာသီသို့ ကူးပြောင်းခြင်းဖြစ်သည်ဟု ဝေါဟာရလိနတ်တဒီပနီကျမ်းရေးသားသူ လှေသင်းအတွင်းဝန်မင်းက ဖော်ပြခဲ့သည်။ ထိုဝေါဟာရကိုအခြေခံ၍တာကူးမှကာလရွေ့လျားသောအခါတန်ခူးလဟု ခေါ်ဆိုခြင်းဟုလည်း ဆိုကြသည်။ တာကူးဆိုသည်မှာ အချိန်ရာသီ၊ နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းခြင်းဖြစ်၍ တန်ခူးဆိုသည်မှာမူ ထန်းပင်ထန်းခိုင် ဝေဆာချိန် “ထန်းခူးမှတန်ခူး” ဟု ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ တန်ခူးလသည် မြန်မာတို့အတွက် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသောအချိန်ကာလ၊ အတိတ်ဟောင်း တို့ကိုစွန့်၍ အသစ် အသစ်သော စိတ်ကူးအတွေးတို့ဖော်ဆောင်ရမည့် အချိန်ကာလ၊ စိတ်ဟူသောသက်မဲ့ သာမက သက်ရှိအရာများကိုပါ အညစ်အကြေး စွန့်ခွာရှင်းလင်းရသောအချိန်ကာလပင် ဖြစ်ပေသည်။

တန်ခူးလကိုအဘိဓာန်ကျမ်းတွင် “စိတ္တကော၊ တန်ခူးလ၊ ရမ္မကော၊ တန်ခူးလ” ဟု ပြဆိုထားသည်။ အဓိပ္ပာယ်မှာ “အထူးထူးသော အသီး၊ အပွင့်၊ အခက်တို့ ဝေဝေဆာဆာ ပွင့်လန်းသောကြောင့် လူတို့၏ စိတ်နှလုံးကိုရွှင်မြူးစေသည်”ဟုဆိုလိုသည်။ တန်ခူးလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီကုန်လွန်၍ မိုးရာသီကူးပြောင်းမှုကို ကြိုဆိုသကဲ့သို့ရှိသည်။ “တောင်လေမြူးမြူး၊ လတန်ခူး” ဆိုသည့်အတိုင်း လေတဖြူးဖြူးတိုက်ခတ်ချိန်မှာ မိုးရနံ့များသင်းပျံ့သယောင် ရှိပေသည်။ လူပုဂ္ဂိုလ်အပေါင်းလည်း စိတ်ရွှင်မြူးသည့် အခါသမယဖြစ်သည်။ “သည်တန်ခူးမှာဖြင့် ရည်စူးကာလှူကြမယ်” ဆိုသည့်အတိုင်း ကောင်းမှုကုသိုလ်ပြုရန် ကြိုတင်ပြင်ဆင်ထားကြ သူများလည်းရှိပေသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများလည်း အနားယူ အပန်းဖြေသောကာလ ဖြစ်သည်။ တစ်နည်းအားဖြင့် တစ်နှစ်မှာတစ်ကြိမ် ဗုဒ္ဓဘာသာလူမျိုးတို့အတွက် အားလပ်ရက်ဟု ဆိုလျှင်လည်း မှားမည်မဟုတ်ချေ။ တစ်နှစ်တာ ပင်ပန်းသမျှ အပန်းတော်ပြေရသည့် တန်ခူးလလည်း ဖြစ်ပေသည်။

တန်ခူးလနှင့် မြန်မာ့ဓလေ့

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် အားလပ်ရက်များတွင် ကုသိုလ်ဒါနဖြင့် ပျော်မွေ့တတ်ကြပေသည်။ နှစ်တစ်နှစ်ကုန်ဆုံးပြီဖြစ်၍ အညစ်အကြေးဟူသမျှ ကုသိုလ်ဒါနဖြင့် ဆေးကြောကြသည်။ ရှာဖွေစု ဆောင်းထားသမျှနှင့် ကုသိုလ်ဒါနပြုကြသည်။ ရှင်ပြု၊ နားသ၊ စတုဒိ သာ စသည် ဖြင့် အလှူဒါနများ ပြုကြသည်။ တန်ခူးလတွင် မြန်မာတို့၏အလှူဒါနဖြင့် ပျော်မွေ့ပုံကို “တဝါဝါဆင်သင်္ကန်းရယ်က၊ ကမ္ဘာမှာဘဝင်ချမ်းစေတဲ့၊ သာသနာရွှင်ရွှင်လန်းအောင်လို့၊ တမင်မှန်းကာပသတိစွယ်၊ ရည်ရွယ်တော့သလား” ဟု ဆရာဇော်ဂျီက သတိသံဝေဂဖြည့်စွက်၍ ရေးဖွဲ့ခဲ့ပေသည်။ “မရှိလို့မလှူ၊ မလှူလို့မရှိ” မဖြစ်ရအောင်တတ်နိုင်သမျှဖြင့် အလှူဒါနပြုကြသည်မှာ နှစ်ကူးတန်ခူးလ၏ ထူးခြားသောပြယုဂ်တစ်ခုပင် ဖြစ်သည်။

မြန်မာလူမျိုးတို့အတွက် တန်ခူးလ၏အထင် ကရပွဲတော်မှာ သင်္ကြန်ပွဲတော်ပင်ဖြစ်သည်။ သင်္ကြန်ဟူသောဝေါရသည် သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကြန္တ ဟူသည်ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ တန်ခူးလတွင် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသောလ၊ သင်္ကြန်ရေဖြင့် အေးမြစေသောလ၊ တစ်နှစ်တာ အညစ်အကြေးဟူသမျှကို သင်္ကြန်ရေဖြင့် ဆေးကြောသော အချိန်ကာလပင်ဖြစ်သည်။ ရှေးမြန်မာတို့သည် တန်ခူးလရောက်လျှင် “သင်္ကြန်အတာရက်” မတိုင်မီ သို့မဟုတ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မရောက်မီ အချိန်ကာလအထိ မိမိတို့ အိမ်ခြံဝင်း၊ မိမိတို့၏ အသုံးအဆောင်ပစ္စည်းဟူသမျှကို အညစ်အကြေးကင်းစင်အောင် ဆေးကြောလျှော်ဖွပ်ကြသည်။ နှစ်ဟောင်းမှ အညစ်အကြေးကို နှစ်သစ်သို့ သယ်ဆောင်ယူခြင်းမပြုဟူသော ကောင်းမြတ်သည့် ဓလေ့ဖြစ်ပေသည်။ အယူသီးကြသည်။ အစွဲအလမ်း ကြီးကြသည်။ အထင်ဖြင့် ကောင်းမြတ်သည့်အမြင်၊ ဓလေ့ရိုးရာများ ယခုအခါ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ လတန်ခူး၏ ထူးခြားသည့်ဓလေ့ရိုးရာကို ကြိုးစားထိန်းသိမ်းစေချင်သည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်


 



ရခိုင်ရိုးရာသင်္ကြန်ပွဲတော်


မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်လရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင်ပွဲ တော်သည် အလွန်ကြီးကျယ်စည်ကားသော အမျိုးသားပွဲတော်တစ်ခုဖြစ်ပေသည်။ တိုင်းရင်းသား လူမျိုးတို့ ၏ နှစ်သစ်ကူးသင်္ကြန်ပွဲသည် ရှေးယခင်ကာလများတွင် မိဘဆရာသမား များနှင့် သက်ကြီးဝါကြီးများကို သနပ်ခါး နံ့သာရည်များ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့် အလေ့အထ ရှိခဲ့ကြသည်။
တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူး ရေသဘင်ပွဲတော်များတွင် ရခိုင်လူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးရေသဘင်ပွဲတော်သည်က မည်သည့်တိုင်း၊ ပြည်နယ်တို့တွင်မှ မရှိသောရေကစားနည်းများဖြင့် အတာ ရေသဘင်ကို အေးချမ်းစွာ ဆင်နွှဲခဲ့ကြပေသည်။
ရခိုင်လူမျိုးတို့တွင် ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တန်ခူးလ(ဧပြီလ)တွင် ကျင်းပသော သင်္ကြန်ပွဲတော်သည် တစ်မူထူးခြားသည့် ရိုးရာနှစ်သစ်ကူးရေသဘင်ပွဲတော်ဖြစ်သည်။ ပွဲတော်ကျင်းပရေးအတွက် ရက်အနည်းငယ်ခန့်အလိုကပင် မြို့လုံးကျွတ် ရပ်ကွက်တိုင်း၌ မဏ္ဍပ်ကြီးငယ်များ ဆောက်လုပ်ကြရပါသည်။
ရှေးဦးစွာ သင်္ကြန်အကြိုနေ့ရောက်သည်နှင့် အမျိုးသား၊ အမျိုးသမီးများစုပေါင်း၍ ဘုရားရေသပ္ပာယ်ရန် နံ့သာဖြူ၊ နံ့သာနီများကို တပျော်တပါး သွေးကြလေ့ရှိသည်။ ယင်းနေ့ကို 'နံ့သာသွီးနိ' (နံ့သာသွေးနေ့)ဟု ခေါ်တွင်ပြီး ကာလသားများက အိုးစည်ဗုံမောင်းတီးလျက် သံချပ်ထိုးကာညလုံးပေါက် ကခုန်မြူးထူးကြသည်။'ဘုရားရီချိုးနိ'ဟုခေါ်သော သင်္ကြန်အကျ နေ့ နံနက်ပိုင်းတွင် လူကြီးလူငယ်များ စုရုံးစီတန်းလျက် ရခိုင်မင်္ဂလာစည်တော်တီးကာ ညတွင်သွေးထားသည့် အမွှေးနံ့သာရည်များကို ငွေဖလားကြီးများဖြင့် ထည့်ကာ ဘုန်းတော်ကြီးကျောင်းများသို့ လှည့်လည် သွားရောက်ကြပါသည်။ ထိုတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား ရေသပ္ပာယ်၍ အဆိုပါ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ခြင်း၊ သိမ်၊ ကျောင်း၊ ခြံဝင်း၊ အဆောက်အအုံများအား သန့်ရှင်းခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ကြပါသည်။ ထို့ပြင် မိမိတို့အိမ်ရှိ ကိုးကွယ်ထားကြသော ဘုရားဆင်းတုတော် များအားလည်း ရေသပ္ပာယ်ပူဇော်ကြပြီး နောက်တစ်နေ့တွင်မှ သင်္ကြန်ရေကစားပွဲကို နှစ်ဆန်း(၁)ရက်နေ့အထိ သုံးရက်တိုင်တိုင် ဆင်နွှဲကြပါသည်။ သင်္ကြန်ရက်များအတွင်းတွင် လူကြီးများ ဥပုသ်သီလဆောက်တည်ကြပြီး လူငယ် လူရွယ်များ ပျော်ရွှင်စွာ ရေကစားခွင့်ရကြသည်။ ရေကစားကြရာတွင် အမျိုးသမီးငယ် လှပျိုဖြူများမှာ တူညီဝတ်စုံများ ဝတ်ဆင်၍ ရေကစားမဏ္ဍပ်အတွင်းဘက်မှနေ၍ အပြန်အလှန် ရေကစားကြပါသည်။ မဏ္ဍပ်အတွင်းတွင် လောင်းလှေများဖြင့် ရေအပြည့်ဖြည့်ထားပြီး အမျိုးသမီးငယ်များက ကာလသားများသို့ တစ်လှည့်စီ ရေကမ်းပေးရသည်။ တစ်စုံတစ်ရာ ပြဿနာမဖြစ်ပေါ်စေရန်အတွက် 'မဏ္ဍပ်ရှင်မ'ဟုခေါ်သော အမျိုးသမီးကြီးများက ထိန်းကွပ်ပေးထားကြခြင်းဖြင့် ယဉ်ကျေးစွာပျော်ရွှင်ကစားခွင့်ရသည့် ပွဲတော်အဖြစ် အမြဲတမ်းဂုဏ်ယူလျက်ရှိကြသည်။
ညချမ်းအချိန်အခါတွင်လည်း သင်္ကြန် အလှပြမဏ္ဍပ်စင်များတွင် ရပ်ကွက်တိုင်းမှ အမျိုးသမီး လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက ပြိုင်ပွဲများ၊ သံချပ်ထိုးပြိုင်ပွဲများ၊ ရခိုင်တေးသံရှင်များ၏ ကပြဖျော်ဖြေမှုများဖြင့် သင်္ကြန်ကာလ၏ အနှစ်သာရများကို တစ်ရက်ထက်တစ်ရက် မရိုးအောင် ကပြဖျော်ဖြေကြသည်မှာလည်း သင်္ကြန်ကာလ၏ အနှစ်သာရ ပသာဒတစ်ခုပင်ဖြစ်ပေသည်။ ကျွန်တော်တို့ ရခိုင်လူငယ်လူရွယ်တို့သည် ပျော်စရာရှိလျှင် အလွန်ပင် ပွင့်လင်းစွာပျော်ရွှင်တတ်ကြပြီး အလှူအတန်းအတွက်ဆိုလျှင်လည်း အားတတ်သရော ပါဝင်လုပ်ဆောင်တတ်ကြသည်။ ကျွန်တော်တို့ ဘိုးဘွားများလက်ထက်ကဆိုလျှင် နွားလှည်းဖြင့် သင်္ကြန်ရေကစားရာတွင် လည်ပတ်ကြသည်။ ယခုအခါတွင် ခေတ်ကာလတိုးတက်လာသည်နှင့်အမျှ တူညီဝတ်စုံများမှာယူဝတ်ဆင်ကြကာ မော်တော်ကားများဖြင့် အုပ်စုလိုက် ရေပက်ခံရေကစားထွက် ကြလေ့ရှိနေကြပေပြီဖြစ်သည်။ သင်္ကြန်ကာလသည် သုံးရက်တာကာလဖြစ်သည်နှင့်အညီ ရိုးရာယဉ်ကျေးမှုမပျက်အောင် မဏ္ဍပ်တွင် လူငယ်၊ လူရွယ်တို့ ရေအပြန်အလှန် ရေပက်ကြရသည်ကလည်း ရခိုင်ရိုးရာ အတာသင်္ကြန်ကို ဂုဏ်တင့်စေပါသည်။နောက်ဆုံးနေ့(နှစ်ဆန်း ၁ ရက်)တွင် လူငယ်၊ လူရွယ်များ စုပေါင်းလျက် မြို့အနှံ့ လှည့်လည်၍ သက်ကြီးပူဇော်ပွဲများ ပြုလုပ်ကြသည်။ ဘေးမဲ့လွှတ်ပွဲများလည်း ကျင်းပကြသည်။ ထိုတွင် မင်္ဂလာစည်တော်၊ အိုးစည်၊ ဗုံမောင်းများနှင့် ရိုးရာကကွက်များကို ဖော်ထုတ်ကပြရင်း နှစ်ဟောင်း၏ အညစ်အကြေးများကင်းစင်၍ ပျော်ရွှင်ချမ်းမြေ့စွာ နှစ်သစ်ကို ဂုဏ်ပြုကြိုဆိုကြခြင်းဖြင့် အတာရေသဘင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးကြပေသည်။ ထိုသို့ ရခိုင်ရိုးရာအတာသင်္ကြန်ကို အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းလည်း ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးတို့ စုပေါင်းကျင်းပသော ရခိုင်ရိုးရာအတာသင်္ကြန် မဏ္ဍပ်တို့တွင်လည်းတွေ့ရှိနိုင်ကြပြီ ဖြစ်ပေသည်။ 

အစားသောက်အလှူ “စတုဒီသာ”

ပွဲတော်ရက်အားလုံးမှာလူတွေက မဏ္ဍပ်တွေကိုစက်ဘီးတွေ၊လျှပ်စစ်စက်ဘီးတွေနဲ့ အမိုးဖွင့် ကားတွေစီးကာ လျှောက်လည်လေ့ရှိကြတယ်။ ဦးပဇင်းတွေ၊ သီလရှင်တွေ၊ သက် ကြီးရွယ်အိုတွေ၊ နေမကောင်းတဲ့လူတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက လွဲပီး လေးစားမှုကိုပြတဲ့အနေနဲ့ ရေနဲ့မပက်ဘဲလူတိုင်းလိုလိုတယောက်ကိုတစ်ယောက် ရေနဲ့ပက်ကာ ဆော့ကစားကြပါတယ်။ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကပွဲတော်ရက်တွေအတွင်း ပိတ်လေ့ရှိကြတယ် ဒါပေမဲ့ စတုဒီ သာလို့ခေါ်တဲ့ အစားအစာဒါနအလှူပေးပွဲတွေဟာဆိုရင် မြန်မာတနိင်ငံ လုံးနီးပါးမှာ ကျင်းပကြလေ့ရှိကြပီး မည်သူမဆို ဝင်ရောက်သုံးဆောင်ဆင်နွှဲနိုင်ကြပါတယ်။ သင်္ကြန်ရိုးရာအစားအစာ ဖြစ်တဲ့ မုန့်လုံးရေပေါ်လို့လည်းခေါ်တဲ့ ဆန်မုန့်လုံးလေးတွေကရေထဲမှပြုတ်ပီးလုပ်စားရတဲ့ သွားး ရည်စာမုန့်မျိုးဖြစ်ပါတယ်။ မုန့်လုံးရေပေါ်ကိုဆန်အနှစ်ထဲထန်းလျက်ခဲထည့်ပီးလုံးကာအပေါ်မှ အုန်းသီးခြစ်ပီးသားအမျှင်လေးတွေ ဖြူးပိးစားရပါတယ်။ မင်းသူငယ်ချင်းတွေကိုမင်းစချရင်တော့ ဆန်လုံးထဲမှာထန်းလျက်အစားငရုတ်သီးထည့်ကာကျွေးလို့ရပါတယ်။

ပိတောက်ပန်းနဲ့ ကောင်းခြင်းမင်္ဂလာ

မြန်မာ့ရေသဘင်ပွဲတော်

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်

ဆလုံရေသဘင်ပွဲ

ဆလုံရေသဘင်ပွဲ
ဆလုံရေသဘင်ပွဲ


ခါသင်္ကြန်မုန့်လုံးရေပေါ်









လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...