Saturday, December 23, 2023

မန်းချောင်းဆင်စခန်း

 

မန်းချောင်းဆင်စခန်း


ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း” ကို မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော် ဘုရားကြီးအနီး၊ မန်းရွှေစက်တော်သို့သွားရာ (၈)မိုင်လမ်းဘေး၊ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာ လှပသော သဘာဝ ရှုခင်း အလှများကို အခြေခံ၍ ခရီးသွားများ အပန်းဖြေ အနားယူရန် ရည်ရွယ်ဖွင့်လှစ်ထား ပါတယ်။

ဆင်စခန်း၏ ဧရိယာ အကျယ်အဝန်းမှာ ပဒေါင်း - ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောမှ ဧက ၅၀၊ မြေလွတ်မြေရိုင်းမှ ဧက ၉၀ စုစုပေါင်းဧက ၁၄၀ ကျယ်ဝန်းပြီး ဆင်စာစားကျက်မြေမှာ ကြိုးပြင်ကာကွယ်တောအတွင်း၌ ဧက ၇၀၀ ကျယ်ဝန်းပါတယ်။

 ဆင်စခန်း ဝန်ဆောင်မှုလုပ်ငန်း

 ခရီးသွားများအနေဖြင့်ဆင်စခန်း၏ ဆင်များနှင့်ပတ်သက်သည့် အကြောင်းအရာ များကိုသိရှိနိုင်ပြီး ဆင်စီးရင်း တောတောင်ရေမြေနှင့် သဘာဝအလှတရားများကို ကြည့်ရှုခံစား နိုင်စေရန်၊ ဆင်စာအပြင် ဆင်များအားဆင်စာဘူဖေးကျွေးမွေးနိုင်စေရန်၊ ဆင်ရေချမှု (ဆင်ရေချိုးခြင်း)ကို ကြည့်ရှုလေ့လာနိုင်ပြီး ဆင်ဦးစီးများနှင့်အတူ ကိုယ်တိုင် ရေချ (ရေချိုး ) ပေးနိုင်စေရန်၊ ဆင်အလှပြသမှုကို ကြည့်ရှုနိုင်စေရန်၊ မန်းချောင်းအတွင်း ရေချိုး၊ ရေကစား နိုင်စေရန်၊ ဆင်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများရိုက် ကူးနိုင်စေရန်၊ ကလေးကစားကွင်းများတွင် ပျော်ရွှင်စွာဆော့ကစားနိုင်စေရန်၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်စေရန်၊ အစားအသောက်များ မှာယူစားသုံးနိုင်စေရန်၊ နားနေ ဆောင်များ တွင် အေးချမ်းစွာအပန်းဖြေအနားယူနိုင်စေရန်နှင့် တည်းခိုဆောင်များတွင် ညအိပ်တည်းခိုနိုင် စေရန် စသည့်ဝန်ဆောင်မှုလုပ်ငန်းများကို ရရှိနိုင်တဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် အလှအပကိုခံစားနိုင်တဲ့အပြင် စိတ်ကြည်နူးချမ်းမြေ့ရမှာဖြစ်ပါတယ်။

ဆင်စခန်းရှိ ထူးခြားသောအစီအစဉ်များအနေဖြင့် ဧည့်ခံဖျော်ဖြေသည့် ဆင်လိမ္မာကလေးများမှ ဆင်သရုပ်ပြခြင်းနှင့် ဆင်အကအလှပြပွဲကို ထည့်သွင်းဆောင်ရွက်ထားပါတယ်။

ဆင်သရုပ်ပြခြင်းအစီအစဉ်များတွင် ဆင်လိမ္မာကလေးက ကြိုဆိုနှုတ်ခွန်းဆက်သ၍ ဦးချခြင်း၊ ပန်းခြင်းလက်ဆောင်ပေးခြင်း၊ အလံတင်အလေးပြုပြခြင်း၊ ဦးထုပ်ဆောင်းပေးခြင်း၊ ပုသိမ်ထီးဆောင်း၍ သစ်တုံးများပေါ်တွင် လမ်းလျှောက်ပြခြင်း၊ သစ်တုံးပေါ်၌ ကိုယ်ဟန်ခြေလက်တို့ဖြင့် ယိမ်းနွဲ့ကပြခြင်း၊ ဘောလုံးကိုင်၊ ဘောလုံးကန်နှင့် ဘောလုံးပစ်ပေါက်၍ကစားပြခြင်း၊ အာလူး ကောက်ကစားပြ ခြင်း၊ Music တူရိယာများတီးမှုတ်ပြခြင်း၊ အမှိုက်များကို ဆင်များက ၎င်းတို့၏ မှတ်ဉာဏ်ဖြင့် အမျိုးအစားခွဲခြားပြသခြင်းများအပြင် မြန်မာ့သစ်လုပ်ငန်း၏ အဓိကလုပ်ငန်း တာဝန်တစ်ခုဖြစ်သော ဆင်များဖြင့် သစ်ဆွဲပြသခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်း စသည့်သရုပ်ပြခြင်းအစီအစဉ်ပေါင်းများစွာ ပါဝင်သည်။

ဘုရားပွဲတော်ကာလတစ်လျှောက် သဘာဝတောတောင်ရေမြေအလှတရားများကို မန်းချောင်း အတွင်း လှေလှော်ရင်းကြည့်ရှုခံစားနိုင်ရန် မန်းရွှေစက်တော်ဘုရားအဝင် လှေတင်တံတားထိပ်မှ ဆင်စခန်းအထိ ရေမိုင်နှစ်မိုင်ခန့် အပျော်စီးလှေများဖြင့် လှေလှော်ရင်း သွားရောက် လည်ပတ် လေ့လာနိုင်ပါတယ်။

မန်းချောင်းဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ်နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထားကာ Elephant Show အစီအစဉ်ကို နေ့စဉ်နံနက် ၁၀ နာရီတွင် ပြသလျက် ရှိသည်။ ဆင်စခန်းသို့ လာရောက်သူများအား ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁၀၀၀ နှင့် ခရီးတိုဆင်စီးခ ငွေကျပ် ၅၀၀၀ နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀၀၀၀ နှင့် ခရီးတိုဆင်စီးခငွေကျပ် ၁၀၀၀၀ နှုန်း၊ တည်းခိုဆောင်အနေဖြင့် ဘန်ဂလို ၁၁ လုံးရှိပြီး တည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်ငှားရမ်းခငွေကျပ် ၃၀၀၀၀ နှုန်းသတ်မှတ်ထားကြောင်း သိရသည်။ တည်းခိုဆောင်များတွင် ငှားရမ်းနေထိုင်ကြသူများ စားသောက်ရန် စားသောက်ဆိုင်၌ ဝယ်ယူစားသုံးနိုင်သလို (ဆင်ဦးစီး)ဆင်ထိန်းဝန်ထမ်းများ၏ အမျိုးသမီးများက ဧည့်သည်များ စားချင်သည့်အစားအသောက်နှင့် အလွယ်တကူရရှိနိုင်သည့် အစားအသောက်ဟင်းလျာများ ချက်ပြုတ်ကျွေးမွေးကြသည့်အတွက် ခရီးသွားများအတွက် စိတ်ချမ်းမြေ့ရမယ် နေရာတစ်ခုအဖြစ် ဖော်ပြလိုက်ရပါတယ်။ ။



 










မန်းချောင်းဆင်စခန်း

No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...