Thursday, November 30, 2023

ဝါခေါင်လ (ဇူလိုင်/ သြဂုတ်)

 

ဝါခေါင်လ (ဇူလိုင်/ သြဂုတ်)


ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ ငါးလမြောက်ဖြစ်ပါသည်။ ဇူလိုင်နှင့် သြဂုတ်လတို့အတွင်း ကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများတွင် ရေများပြည့်လျှံနေလေ့ရှိသည့် မိုးဥတုဖြစ်ပါသည်။





ဝါခေါင်လစာရေးတံမဲပွဲတော်နှင့်မေတ္တာအခါတော်နေ့

 ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်ပါသည်။ ဝါခေါင်လတွင် အထက် အာကာ ကောင်းကင်ယံ၌ မိုးသားမိုးတိမ်တို့သည် ညိုမှောင်အုံ့ဆိုင်းနေကာ မိုးဖြိုင်ဖြိုင်ရွာသောလဖြစ် ၍ ဝသန်ကာလ မိုးရာသီကို အပြည့်အဝခံစားရသည့်လလည်း ဖြစ်ပါသည်။
"ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဟူသည့် စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသော ကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်လျှံကာ ရေတိုးနေပါသည်။ ဝါခေါင်လသည် သပြေသီးချိန်၊ ထန်းသီး ကြွေချိန်ဖြစ်၍ “သပြေကာသီး၊ ရေကကြီးသနဲ့၊ ထန်းသီးကကြွေ၊ မိုးကရွေ” ဟု ရှေးစာဆိုတို့က စပ်ဆိုထားခဲ့ကြသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့သည် ကောက်စိုက်ချိန် ဖြစ်ပြီး လယ်ကွင်းပြင်တွင် စိမ်းလန်းသော ကောက်ပင်များဖြင့် မြန်မာ့မြေတွင် မြကမ္မလာခင်းသကဲ့သို့ ရှုတိုင်းယဉ်နေပါသည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်တွင် ဘာသာရေးနှင့် ဆက်စပ်နေသည့် စာရေးတံလှူပွဲကို ကျင်းပခဲ့ကြသည်။

ဝါခေါင်လတွင် စာရေးတံလှူပွဲ ကျင်းပကြသည်ကို ရည်ရွယ်၍

ရတုဝါခေါင် တိမ်တောင်ပတ်ယှက်သည့်

ရက်အခါ မြတ်စွာထွတ်ထား

ရွှေစကားတွင်၊ ပွဲများခြိမ့်စံ

စာရေးတံဟု၊ စီမံခင်းကျင်း” ဟူ၍ စာဆိုတော် ဦးယာကလူးတား စပ်ဆိုထားခဲ့၏

ဝါခေါင်လ၏ အဓိပ္ပာယ်

ဝါခေါင်လကို ပုဂံခေတ်ကျောက်စာများတွင် နံကာလဟု ခေါ်ဆိုကြသည်။ ဝေါဟာရလီနတ္ထဒီပနီ ကျမ်း တွင် ဝါခေါင်လကို ပါဠိဘာသာဖြင့် နိက္ခမနိယ ဟုခေါ်သည်။ နိက္ခမနိယ၏ အဓိပ္ပာယ်မှာ နေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်သွားသောလဟု ဆိုသည်။ နိက္ခမနိယသဒ္ဒါ ရွေ့လျားသောအခါ မြန်မာနံကာဟူသော ဝေါဟာရ ဖြစ်လာသည်ဟူ၍ နံကာပုဒ်၏ ရင်းမြစ်နှင့် အဓိပ္ပာယ်တွင် ပြဆိုထား သည်။ ဝါခေါင်ဆိုသော ဝေါဟာရတွင် “ဝ” သည် ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်းဖြစ်၍ “ခေါင်” သည် အလယ်ဗဟိုဖြစ်၏။ သို့ဖြစ်၍ ဝါခေါင်ဟူသည် ဝါတွင်းသုံးလ၏ အလယ်ဗဟိုဖြစ်သည် ဟူ၍လည်း ဖွင့်ဆိုကြသည်။

ဝါခေါင်လ၏ ရာသီပန်း

ဝါခေါင်လ၏ ရာသီပန်းမှာ ခတ္တာပန်း ဖြစ်သည်။ ထို့ကြောင့် “ဝါခေါင်ရေဖွေး ခတ္တာမွှေး” ဟူ၍ ဆိုရိုး စကားပြုခဲ့ကြသည်။ စပယ်၊ ကြက်ရုံး၊ ဂမုန်း၊ ဇွန်၊ သရဖီပန်းများကလည်း ရောင်စုံ အလှများဖြင့်ဖူး ပွင့်၍ အလှအားပြိုင်နေကြသည်။ လေပြေအသွေး ပန်းရနံ့တို့ သင်းပျံ့ကြိုင်လှိုင်နေပါသည်။အထက်အညာဒေသတွင် ဝါခေါင်လ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ ပွင့်တတ် ကြပုံ၊ မိုးမရွာဘဲ ရှိတတ်ပုံ၊ ရွာပြန်လျှင်လည်း မိုးသည်းလေ့မရှိပုံတို့ကို မုံရွေးဆရာတော်က “ဆယ့် နှစ်လရာသီ မိုးဘွဲ့” တွင် -

ဝါခေါင်တစ်ကြောင်း
ထနောင်းကြောင်ကျစ်
ဆူးရစ်ပွင့်ကာ မိုးမရွာ
ရွာပါသော်လည်း၊ မိုးမသည်း” ဟု မိုးစိပ်စိပ်လေးရွာသည့် ဝါခေါင်လတွင် လယ်သမားများ ထွန်ယက် ခြင်းလုပ်ငန်း ပြီးဆုံးကာ ထွန်တုံးသိမ်းချိန်ဖြစ်၍ ဝါခေါင်မိုးစိပ်၊ ထွန်တုံးပိတ်ဟု ဆိုရိုးစကား ပြုခဲ့ကြ သည်။

ဝါခေါင်လ၏ ပွဲတော်အချို့

မြန်မာနိုင်ငံ၌ ဝါခေါင်လတွင် တောင်ပြုံးညီနောင်နတ်ပွဲနှင့် ရတနာ့ဂူနတ်ပွဲများကို နတ်ကိုးကွယ်သူ များက ဆင်ယင်ကျင်းပခဲ့ကြသည်။ ထိုနတ်ပွဲနှင့်အတူ လှေသဘင်ပွဲများလည်း ပြုလုပ်ကြသည်။မန္တ လေး တောင်ပြုံးအရပ်၌ အလွန်စည်ကားစွာ ကျင်းပမြဲဖြစ်သည်ကို အင်းဝမြို့ဘွဲ့ ဆယ့်နှစ်လရာသီ လူးတားတွင် -

“ညီနောင်နတ်ကို၊ရည်ညွတ်သောင်သဲ၊

ထက်စမြဲနှင့်၊ လှေပွဲများစွာ၊

မြစ်ဧရာဝယ်၊ ကြော်ငြာ သံကျူး၊

ပြိုင်ကြမြူးသည်” ဟူ၍ စပ်ဆိုထားလေသည်။

 ဝါခေါင်လနှင့် စာရေးတံပွဲ

စာရေးတံမဲ၊ စာရေးတံဆွမ်း၊ စာရေးတံအလှူ ဟူသော ဝေါဟာရသည် ဝါခေါင်လနှင့် ခွဲခြားမရသော ဝိသေသများ ဖြစ်ပေသည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ရာ ဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ၌ သီတင်းသုံးတော်မူစဉ် တပည့်ဒါယကာ၊ ဒါယိကာမများက မိမိတို့သည် သံဃာတော်များအား ကျောင်းတော်တွင် ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ တစ်ချိန်တည်း ဆက်ကပ်ရန် အခက်အခဲရှိနေကြောင်း လျှောက် ထားရာ ဘုရားရှင်က သစ်သားဖြင့် ပြုလုပ်သော တုတ်တံများပေါ်၌ဖြစ်စေ၊ ဝါးခြမ်း ပြား၊ နှီးပေါ်၌ဖြစ်စေ၊ ထန်းရွက်ပေရွက်ပေါ်၌ဖြစ်စေ၊ သံဃာတော်များ၏ ဘွဲ့အမည်များကို မဲတံများ ပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အား ရွေးချယ်မဲနှိုက်စေပါသည်။
ထိုသို့မဲနှိုက်ယူပြီး အမည်ပါသော သံဃာတော်များကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်း ကြခြင်းဖြစ်သည်။ ယခုခေတ်၌မူ ဝါခေါင်လတွင် သီးသန့်ပြုလုပ်သော စာရေးတံပွဲတော်ကို ကျင်းပခြင်းဓလေ့ မရှိပါ။ ဒေသအလိုက်သတ်မှတ်သော ရာသီတွင်သာ ကျင်းပကြပြီး အများအားဖြင့် ကျေးရွာ ဘုရားပွဲများတွင် ပြုလုပ်လေ့ရှိကြသည်။ အရပ်ဒေသတစ်ခုနှင့်တစ်ခု ကျင်းပသော ရက်လများ မတူညီကြပါ။
ဘကြီးတော်မင်း တရား လက်ထက် စာရေးတံပွဲကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ဝါခေါင်လပြည့်ကျော်ရှစ်ရက်နေ့ ဂါမဝါသီပုဂ္ဂိုလ်၊ အရညဝါသီပုဂ္ဂိုလ်၊ အရိယာသံဃာတော် အပေါင်းတို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့်စပ်သည်ကို အစေ့အစုံဆွဲ၍ ပဒေ သာပင်ရေနှစ်ရာ့ခြောက်ဆယ် (၂၆ဝ)ကို အတွင်းတော်သို့သွင်းပြီးလျှင်၊ အရှင်မိဘုရားခေါင်ကြီးနှင့်တကွ ရေစက်သွန်းချတော်မူ၍၊ သဘာကဘတ် စာရေးတံဆွမ်းလှူတော်မူသည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

  ဝါခေါင်လသည် မိုးဥတုတွင် ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ”လ ဟုခေါ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင် လကို ဝါခေါင်ဟု လည်းကောင်း၊ နံကာလဟုလည်းကောင်း ရေးထိုးထားကြောင်း တွေ့ရသည်။ နံကာ လ၏အဓိပ္ပာယ်မှာ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်၊ စိုက်ပျိုးချိန်လ၊ လယ်လုပ်ချိန်လဟု ယူဆ၍ရသည်။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊ သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်သည်။ ရာသီရုပ်ခြင်္သေ့၊ ရာသီပန်း ခတ္တာ၊ ရာသီပွဲတော် “စာရေးတံပွဲ”ဖြစ်သည်။
ယနေ့အချိန်တွင် ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ပြီး ဒေသအလိုက်ရှိ ဗုဒ္ဓ ဘာသာဝင်တို့က မေတ္တာအခါတော်နေ့ကျင်းပကြကာ ရှေးအစဉ်အလာအတိုင်း စာရေးတံပွဲများ ဆင်နွှဲလှူဒါန်းကြသည်။ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံအကျဉ်းမှာ မြတ်စွာဘုရားရှင် လက်ထက်တော်က စတင်ခဲ့သည်။ ရှေးအခါက ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူပြီးနောက် ဝါဆိုဝါကပ်ကမ္မဋ္ဌာန်းတရားပွားများ အားထုတ်ကြသည်။ ရဟန်းတော်တို့ ကမ္မဋ္ဌာန်းတရားအားထုတ်ရာ တောအုပ်ရှိနတ်များသည် ရဟန်းတို့၏ အကျင့်၊သီလနှင့် မြတ်တရားတို့ကြောင့် ယင်းတို့၏ ဗိမာန်များတွင် မနေနိုင်ဖြစ်ကြသဖြင့် ရဟန်းတို့အား နည်းမျိုးစုံဖြင့် ခြောက်လှန့်ကြသဖြင့် ရဟန်းတို့သည်လည်း ကမ္မဋ္ဌာန်းတရားကို ကောင်းစွာ အားမထုတ်နိုင်ကြတော့ပေ။
ထိုအခါ ရဟန်းတို့က ထိုအရေးကိုမြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြသည်။ မြတ်ဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတို့ကို မေတ္တသုတ္တန် ဒေသနာတော်ဟောကြားသွန်သင်ပြီး တောအုပ်သို့ ပြန်စေသည်။ ရဟန်းတို့သည် တောအုပ်၌ပင် မေတ္တသုတ္တန်လာ မေတ္တာ၊ ဘာဝနာပွားများကြရာ နတ်များကနှစ်သက်ကြကုန်သဖြင့် ကြိုဆိုနေရာပေး အလေးဂရုပြုလာကြသည်။ ထိုဖြစ်စဉ်အရ မေတ္တာတရားသည် ရန်သူသော်မှမိတ်ဆွေအဖြစ် ပြောင်းလဲသွားတတ်ကြောင်း သိမှတ်ဖွယ်ပင်ဖြစ် သည်။ မြတ်စွာဘုရားဟောကြားတော်မူအပ်သော မေတ္တသုတ္တန်သည် ပရိတ်ကြီး ၁၁ သုတ်၌အပါအ ဝင် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ အထူးတလည်ရွတ်ဖတ်သရဇ္ဈာယ်ပွားများရာ   သုတ်တော်လည်းဖြစ် သည်။ ထို့ကြောင့် မေတ္တသုတ္တန်၏အနက်အဓိပ္ပာယ်ကို သိရှိရန်လိုအပ်လာသည်။ အနက်ကိုသိလျှင် ပို၍ထက် မြက်ပေလိမ့်မည်။ မေတ္တသုတ်၏အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးနတ်တို့သည် ကြောက်မက်ဖွယ်ရာကောင်းသော ရုပ်အဆင်းကို ဖန်ဆင်း၍လူသားတို့အား မပြဝံ့ကြကုန်။မေတ္တသုတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် အိပ်သောအခါ ချမ်းသာစွာအိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကိုမမြင်မမက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသည့် မေတ္တသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့စုပေါင်းရွတ်ဆိုကြပါကုန်စို့ဟူ၍ မေတ္တသုတ်၏ ယဿာနုဘာဝတောယက္ခာ အစချီအပိုဒ်တွင် ပါရှိသည်။
မြတ်ဘုရားက ဆက်လက်ဟောကြားသည်မှာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသောနိဗ္ဗာန်သို့ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာ၏။ ပြုနိုင်စွမ်း ရှိသူလည်းဖြစ်ရာ၏။  ဖြောင့်မတ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။ ပညာရှိတို့ ဆိုလွယ်ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။ မာန်မာနမထားရာ။ ရောင့်ရဲလွယ်ရာ၏။ သူတစ်ပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုးဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ အသက်မွေးမှုပေါ့ပါးခြင်း ရှိရာ၏။ မျက်စိစသောဣန္ဒြေတည်ငြိမ်မှုရှိရာ၏။ ရင့်ကျက်သော ပညာရှိရာ၏။  အမူအရာမကြမ်းတမ်းစေရာ။ ဒါယကာများ၊ ဆွေမျိုးများ၌ သံယောဇဉ်ငြိတွယ်လွန်းခြင်းမဖြစ်စေရာ။ ပညာရှိတို့ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစ်စုံ တစ်ခုကို အနည်းငယ်မျှပင်မပြုမကျင့်ရာ။ သတ္တဝါ ခပ်သိမ်းချမ်းသာကြပါစေ။ ဘေးမရှိကြပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်း သာခြင်းနှင့်ပြည့်စုံကြပါစေ။  သက်ရှူရှိုက်သောသတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သောသတ္တဝါအားလုံး၊ တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သောသတ္တဝါအားလုံး၊ ကြီးသောသတ္တဝါ၊ မတိုမရှည်မကြီးမငယ်အလယ် အလတ်ဖြစ်သောသတ္တဝါ၊ ပုသော၊ တိုသောသတ္တဝါ၊ ပိန်သောကြုံသောသတ္တဝါ၊ ဆူသောဖြိုးသောသတ္တဝါ၊ မျက်စိဖြင့်မြင်နိုင်သောသတ္တဝါ၊ မျက်စိဖြင့်မမြင်နိုင် သောသတ္တဝါ၊ အဝေးမှာရှိသောသတ္တဝါ၊ မနီးမဝေး မှာရှိသောသတ္တဝါ၊ ဖြစ်ပြီးသောသတ္တဝါ၊ နောင်ဖြစ် လတ္တံသောသတ္တဝါ၊ ဆိုခဲ့ပါသောသတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေကုန်သတည်း ဟူ၍ ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသမထွက်ရာ၊ အလုပ်ကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချုပ်ချယ်သောစကားမပြောရာ၊ မုန်းတီးသောစိတ်ဖြင့်အမှတ်မထားရာ၊ အနည်းငယ်မျှမထီမဲ့မြင်မထင်ကောင်း၊  အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ဆင်းရဲဒုက္ခကိုအလို မရှိသင့်ပေ။ အမိသည် မိမိဝမ်း၌လွယ်၍မွေးရသော တစ်ဦးတည်းသောသားကို အသက်လောက်ချစ်မြတ်နိုး၍ အစဉ် မပြတ်စောင့်ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိကြီးမားသော မေတ္တာစိတ်ကိုပွားများရာ၏။
အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး၌ အကျဉ်းအမြောင်းမရှိ၊ အတွင်းရန်အပြင်ရန်မရှိ၊  အတိုင်းမသိမြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများ စေရာ၏။ အိပ်ငိုက်သောအခါမှ တစ်ပါး၊ မတ်တတ်ရပ်နေစဉ်ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊  ထိုင်နေစဉ်ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ် သတိချပ်လျက်မေတ္တာပို့နေရာ၏။ ယင်းသို့မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း” ဟူ၍ မြတ်ဘုရားဟောကြားသည်။
ဆက်လက်၍မှားသောအယူဝါဒကို  လက်မခံဘဲ ကိုယ်ကျင့်သီလရှိစေရာ၏။ မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံ စေရာ၏။ ကိလေသာအာရုံကာမဂုဏ်တို့၌ တပ်မက်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် အမိဝမ်းတွင်း၌ တစ်ဖန်ပဋိသန္ဓေမနေရတော့ပေဟု မေတ္တသုတ်တွင် နိဂုံးထားဟောကြားခဲ့ သည်။
အထက်တွင်ဖော်ပြခဲ့သော မေတ္တသုတ္တန်သည် မေတ္တာဟူသောသတ္တဝါတို့၏ စီးပွားချမ်းသာကိုလိုလား သည့် “အဒေါသစေတသိက်” ပင်ဖြစ်သည်။ အေးမြသင်းပျံ့သည့်သဘောကို ဆောင်ယူသည်။ မေတ္တာဖြင့်တဏှာရာဂနှင့် ဒေါသကို ပယ်သတ်နိုင်သည်။ တစ်ပါးသော တရားအားထုတ်ခြင်းတို့သည် တစ်ဦးတစ်ယောက် အတွက်ကိုသာ အကျိုးပြုစေသည်။ မေတ္တာတရားသည်ကား မိမိ၊ သူတစ်ပါးနှစ်ရပ်လုံးအတွက် အကျိုးပြုသည်။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံ မေတ္တာဟူ၍ မေတ္တာသုံးပါးရှိရာ အဆုံးမရှိကျယ်ပြန့်ပြီး အဆုံးမရှိသော အကျိုးကို ရရှိစေသည်။ မြတ်စွာဘုရားသည် မေတ္တာတရားကို အခြေခံသော ဗြဟ္မဝိဟာရတရားလေးပါးကိုလည်း ဟောကြားတော်မူသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြတ်သောအကျင့်ဖြစ်ပြီး မြင့်မြတ်ခြင်း၊ ဖြူစင်သန့်ရှင်းခြင်းကို ဆောင်သည်။ ဗြဟ္မဝိဟာရတရားတို့သည် လူသားတစ်ဦး၏ဘဝကို မြှင့်တင်ပေးနိုင်သည်။ လူ့ဘဝကို မြင့်မြတ်စေသည်။ သာမန်လူသားဘဝမှသည် ကြီးကျယ်မြင့်မြတ်သူ ဖြစ်စေနိုင်သည်။ လူတိုင်းလည်းဤတရားတို့ကို ပွားများနိုင်သည်။ ဘာသာရေး၊ အသား အရောင်၊ လူမျိုး၊ အဖိုအမ မခွဲခြားဘဲ အားလုံးသော ပုဂ္ဂိုလ်တို့အနေဖြင့် ဤတရားကိုပွားများမည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် ငြိမ်းချမ်းစွာမွေ့လျော် ဖွယ်ရာသုခဘုံဖြစ်လာမည်မှာ   အသေအချာပင်ဖြစ်သည်။
မေတ္တာ၏လက္ခဏာကား  အကျိုးလိုလားခြင်း ဖြစ်သည်။ အကျိုးစီးပွားဆောင်ရွက်ခြင်းသည် မေတ္တာ၏  ခလ ကိစ္စဖြစ်သည်။ မေတ္တာ၏သရုပ်သကန်မှာ ဒေါသကို ပယ်ပျောက်စေခြင်းဖြစ်သည်။ အကောင်းဘက်မှ ရှုမြင်ခြင်းသည် မေတ္တာနှင့်နီးစပ်လျက်ရှိသည်။ ကရုဏာသည်ကား ဒုက္ခမှလွတ် မြောက်စေလိုသော သဘောဖြစ်သည်။ ကရုဏာ၏ လက္ခဏာမှာ ဆင်းရဲဒုက္ခကို ပယ်ပျောက်ပေးခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကိုသည်းမခံနိုင်ခြင်းကိစ္စရှိသည်။ မညှဉ်းဆဲလိုခြင်းသည် ကရုဏာ၏သရုပ်သကန်ဖြစ်သည်။
မုဒိတာသည်ဝမ်းမြောက်ခြင်း ဖြစ်သည်။ သူတစ်ပါးတို့၏ ရပြီးစည်းစိမ်ကို မပျက်စီးစေလိုခြင်း၊ တည်မြဲစေလိုခြင်းသည် မုဒိတာ၏သဘောဖြစ်သည်။ မုဒိတာသည် မမွေ့လျော်ခြင်းကို ပယ်ဖျောက်ကြောင်း ဖြစ်သည်။ မမွေ့လျော်ခြင်းကင်းခြင်းသည် မုဒိတာ၏ ပြည့်စုံခြင်းပင်ဖြစ်သည်။ အမျက်မထွက်မှုသည် မုဒိတာ၏သရုပ်သကန်ဖြစ်သည်။ ဥပေက္ခာသည်ကား ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံအကျော်အစောရရှိခြင်း၊ မရရှိခြင်းဟူသော လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံသောအခါ စိတ်ကိုအလယ် အလတ်ထား၍  မျှမျှတတရှုမြင်တတ်ခြင်းပင် ဖြစ်သည်။ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်ကို ရှောင်ရှားနိုင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း မရှိခြင်းသည်  ဥပေက္ခာနှင့်ပြည့်စုံခြင်းဖြစ်သည်။ ဥပေက္ခာတွင် ရန်လိုမှုကိုငြိမ်းစေလိုသော သရုပ်သကန်ရှိသည်။ ထို့ကြောင့်မေတ္တာကိုအခြေခံလျက် ဗြဟ္မဝိဟာရတရားတို့နှင့်ပြည့်စုံအောင်  ကောင်းစွာထိန်းသိမ်း စောင့်ရှောက်အပ်သည်။အချုပ်အားဖြင့်ဆိုရသော် မေတ္တာသည်သာ အေးငြိမ်းစေရာဖြစ်သည်။ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့၏ ထူးခြားမွန်မြတ်မှုအရ မေတ္တာဘာဝနာ၏ အစွမ်းထက်ပုံ၊ အကျိုးပြုပုံများကိုသိရှိပြီး မေတ္တာပွားများကာ   ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီကျင့် ကြံကြမည်ဆိုပါလျှင် နေရာဌာနအသီးသီးတို့၌ ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းစေမည် ဖြစ်ပါသည်။   

ရတနာ့ဂူနတ်ပွဲ

                               


ရတနာ့ဂူပွဲသည် တောင်ပြုံးပွဲတော်ကြီးအပြီး နှစ်စဉ် ကျင်းပသော မန္တလေးဝန်းကျင်၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည်။ရတနာ့ဂူ မြတ်စွာဘုရားပွဲတော်နှင့် မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်(စက်တင်ဘာလ ၂ ရက်)နေ့မှ ဝါခေါင်လကွယ်နေ့(စက်တင်ဘာ လ ၈ ရက်)နေ့အထိကျင်းပလျက်ရှိရာ မန္တလေး၊  အမရပူရ တံတားဦး၊ စစ်ကိုင်း၊ မုံရွာ စသော အနီးဝန်းကျင်မှ ဘုရားပွဲလာ နတ်ပွဲလာသူ များဖြင့် စည်ကားစွာ ကျင်းပလျက်ရှိသည်။

မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိသော်လည်း ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှစ၍ နတ်ညီလာခံများ၊ တက်ပွဲများ စတင် ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့တွင် ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲများ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို စာရေးတံမဲနှင့် ဆွမ်းကြီးလောင်းလှူကာ ပွဲတော်ပိတ်သိမ်းသည် ဟု သိရသည်။

အမရပူရမြို့၊ ငယ်တိုးကျေးရွာတွင် ကျင်းပသော အဆိုပါ ပွဲတော်သို့ မန္တလေးမှ အများဆုံးသွား လာကြလျက်ရှိကာ အမှတ် ၈ ဘတ်စကားလိုင်း၊ စစ်ကိုင်း-မန္တလေး ကားလိုင်းများ အပြင် မော်တော်ဆိုင်ကယ်များဖြင့်လည်း အများဆုံး သွားရောက်ကြကြောင်း တွေ့ရှိရသည်။ ရှေးယခင်က ရတနာ့ဂူပွဲတော်သို့ မန္တလေးမှ နွားလှည်းများဖြင့် မြို့လုံးကျွတ်နီးပါး သွားရောက်ကြပြီး တောင်သမန်အင်းစောင်း မယ်ဇယ်ပင်တန်းတွင် လှည်းဝိုင်းကြီးများ စခန်းချ ရပ်နားပြီး ချက်ပြုတ်စားသောက်၊ ဝိုင်းဖွဲ့ဆိုတီး ကခုန်ကာ တောင်သမန်အင်း၊ ငယ်တိုးချောင်းများမှ တစ်ဆင့် ငှက်သမ္ဗန်များဖြင့် နတ်နန်းများသို့ တစ်ပျော်တစ်ပါး သွားရောက်လေ့ရှိသည်။

အစဉ်အလာအရ အထက်နန်း၊ အောက်နန်းဟူ၍ သုံးနှုန်းခေါ်ဝေါ်ကာ သက်ဆိုင်ရာနတ်နန်းများသို့ သွားကာ နတ်ပန်းဆက်ကြသည်။ ဝါခေါင်လပြည့်ကျော် ၁၀ ရက်တွင် ကျင်းပသော နတ်ရေချိုးပွဲ(ချိုးရေတော်သုံးပွဲ) မှာ အစည်ကားဆုံးနေ့ဖြစ်ပြီး ဒေသအခေါ်အဝေါ်အားဖြင့် ဖောင်လှည့်သည့်နေ့ပင်ဖြစ် သည်။

အမရရမြို့နယ် ကျေးရွာများမှ ဝေါတော်ထမ်း၊ ဖောင်ကြိုးဆွဲ၊ လှေတော်သားနှင့် အခြားတာဝန်များကို အစဉ်အလာအတိုင်း တာဝန်ယူလုပ်ဆောင်ပြီး ချိုးရေတော်သုံးပွဲ၊ ဖောင်လှည့်ပွဲကို ကျင်းပလေ့ ရှိသည်။ ဖောင်လှည့်သည့် အထက်နန်းနှင့် အောက်နန်းကြား ရေဝင်စိမ့်အင်း၊ ဒေသအခေါ် ပန်းဘဲချောင်းထဲတွင် ငှက်လှေများ စီးကာ ဆင်နွှဲကြသည်။ ရတနာ့ဂူပွဲ လာရောက်သူများမှာ အထက်နန်းနှင့် အောက်နန်းကိုလည်း ငှက်လှေစီးကာ သွားလာကြပြီး ပျော်ရွှင်စွာ ရေပက်စကားလေ့ ရှိသည်။







ရတနာဂူနတ်နန်းပွဲ








ရာဇဝင်

ရတနာ့ဂူပွဲတော်တွင် အဓိကဖြစ်သော ရတနာ့ဂူ စေတီတော်ကို သက္ကရာဇ် ၇၄၂ ခု အင်း၀ဘုရင် မင်းကြီးစွာစော်ကဲ တည်ထားခဲ့ပြီး ဘုရားပွဲတော် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၃၀ ခန့် ရှိခဲ့ပြီး နတ်ပွဲကိုမူ မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်၊ ဘကြီးတော် မင်းလက်ထက် အမရပူရမြို့ မီးကြီးလောင်စဉ် ပြည်သူအများစိတ်နှလုံး မသာယာသောကြောင့် သောကပြေပျောက်စေရန် နန်းမတော်မယ်နုနှင့် မောင်တော် စလင်းစားမောင်အိုတို့ ဦးစီးပြီး ရွှေဖျင်းညီနောင် တောင်ပြုန်းမင်းနှစ်ပါး ပွဲပြီးချိန် ပုပ္ပါးမယ်တော်ကြိုပွဲ၊ ရတနာ့ဂူဘုရားပွဲများအဖြစ် တည်ထွင်ပြီး နတ်ပွဲများကျင်းပခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ ထို့ ကြောင့် ရတနာ့ဂူနတ်ပွဲဟု ခေါ်တွင်လာကြသည်။
ရတနာ့ဂူနတ်ပွဲသည် အမရပူရတစ်နယ်လုံးရှိ တောင်သူများ မိုးတွင်းဆောင်း ဝါးခမောက်များ အားထားဝယ်ယူသောပွဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ နတ်ကိုးကွယ်သူများ လာရောက်သည့်ပွဲဖြစ်သည်။
ရှေးအစဉ်အဆက်လှည်းများ၊ လှေများနှင့်ကျင်းပခဲ့သည့် ရတနာ့ဂူပွဲတော်တွင် ပွဲတော်အမှတ်အသားပမာ ယခုထက်တိုင် ကျန်ရစ်ဆဲ လက္ခဏာများမှာ ငှက်သမ္ဗန်၊ နတ်ဆိုင်း၊ အုန်းပွဲငှက်ပျောပွဲ၊ ကရေကရာမုန့်၊ မုန့်ခေါင်းအုံး၊ ရှောက်ပန်းသီးနှင့် ကျောက်ပန်းခွေများမှာမူ အထင်အရှား ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

တောင်ပြုံးပွဲ

တောင်ပြုန်းပွဲတော် (ဝါခေါင်လဆန်း ၁၅)ရက် လပြည့်နေ့ ပခန်းမင်းပို့နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကားလျက်ရှိပါသည်။






                                                                                                                                                        တောင်ပြုံးပွဲ
                                                                                                                                                                                                                                                                                                                                                                                 

ဝါခေါင်လတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် တောင်ပြုန်းပွဲတော် အခမ်းအနားကို ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ပထမနေ့အဖြစ် ကန်တော့ခံ။ ဝါခေါင်လဆန်း ၉ ရက်နေ့တွင် ဒုတိယနေ့ ကန်တော့ခံ။ ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ည ညီလာခံ။ ဝါခေါင်လဆန်း ၁၁ ရက်နေ့တွင် ချိုးရေတော်သုံး။ ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် နန်းတက်ပွဲများ။ ဝါခေါင်လဆန်း ၁၃ ရက်နေ့တွင် ယုန်ထိုး။ ဝါခေါင်လဆန်း ၁၄ ရက်နေ့တွင် ထိန်ခုတ်။ ဝါခေါင်လဆန်း ၁၅ ရက်နေ့တွင် ပခန်းမင်းပို့။ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲများ ကျင်းပကြောင်း သိရသည်။
ဝါခေါင်လဆန်း ၁၅ ရက် (လပြည့်နေ့)တွင် ပခန်းမင်းပို့ပွဲကို ညပိုင်းတွင် ကျင်းပပြီး တောင်ပြုန်းပွဲတော်သို့ ကြွလာကြသည့် ပခန်းမင်းအား ပွဲတော်နောက်ဆုံး ညတွင် နှုတ်ဆက်ကန်တော့ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း။ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲ အခမ်းအနားသည် မင်းနှစ်ပါးအား ရွှေချကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။တောင်ပြုံးရွာသည် ၁၁ရာစု ပုဂံမင်းထံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ညီနောင်နှစ်ဦးအား ကွပ်မျက်သည့်နေရာဖြစ်ခဲ့သည်ဟု အဆိုရှိသည်။ ကွပ်မျက်ခံရပြီးနောက် ၎င်းညီနောင်နှစ်ဦးသည် ယနေ့ခေတ်တိုင်အောင် ဒေသခံများ၏ ပူဇော်ခြင်းကိုခံရသော အင်အားကောင်းသော နတ်မင်းများဖြစ်လာကြသည်။ နတ်ပွဲလာရောက်သူများသည် နတ်မင်းများ ပျော်ရွှင်စေရန် အလို့ငှာ ယုန်ကင်၊ ကြက်ကြော်နှင့် အရက်များ ပူဇော်ကြသည်။ ဤပွဲတော်တွင် ထောင်ချီသော နတ်ဝင်သည်များနှင့် နတ်ပူဇော်ပသသူများ နတ်ပူဇော်ရန် အတူတကွ လာရောက်ကြသည်။ နတ်ဝင်သည်များသည် ရိုးရာသီချင်းများဖြင့် အကများကခုန်ခြင်းနှင့် သီချင်းများသီဆိုခြင်းဖြင့် နတ်များထံမှ ပူးကပ်ခြင်းကို ကိုယ်တိုင်ခံယူကြသည်။ နတ်ပွဲလာသူများထံမှလည်း နတ်ပူဇော်ပစ္စည်းများကို နတ်ဝင်သည်များက လက်ခံယူကြသည်။
တောင်ပြုံးနတ်ပွဲတော်ကျင်းပသည့်ကာလမှာ ဝါခေါင်လဆန်း (၁) ရက်နေ့မှ (၈) ရက်နေ့အထိ ၈ရက်ကြာကျင်းပသည်။

ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေအောင်စကြာစေတီ


ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှားရှိစဉ်က မေတ္တာသုတ် ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓဘာသာ သူတော်စဉ် သူတော်ကောင်းတို့၏ အထွဋ်အမြတ်ထားရာ  ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီး၌  တရားဒေဿနာပွားများသူများဖြင့် စည်ကားလျက်ရှိသည်။

 စေတီတော်မြတ်ကြီးတွင် မေတ္တာသုတ်အပါအဝင် ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ကြသူများ၊ ဝါဆိုမြတ်သင်္ကန်း ဆပ်ကပ်လှူဒါန်းကြပြီး သီလခံယူ ဆောက်တည်ကြသူများ၊ စေတီတော်မြတ်ကြီးတွင် ဝါတွင်းအခါသမယ၌ လပြည့်၊ လကွယ်နေ့တိုင်း ကျင်းပမြဲဖြစ်သည့် ဓမ္မပူဇာသဘင်သို့ လာရောက်ကြသူများ၊ ဘုရားဖူးပြည်သူများ၊ လိပ်စာ၊ ငါးစာ ကျွေး၍ ကုသိုလ်အစုစုပြုကြသူများဖြင့် လွန်စွာစည်ကားသိုက်မြိုက်ပါသည်။


ရန်ပြေမာန်ပြေအောင်စကြာစေတီ


ဝါဆိုလ (ဇွန်/ဇူလိုင်)


 

ဝါဆိုလ (ဇွန်/ဇူလိုင်)

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေအကုန် မိုးအကူးကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် ကျရောက်လေ့ရှိသည်။ဝါဆိုလ၏ထူးခြားချက်မှာ ဝါဆိုလပြည့်နေ့မှစ၍ သီတင်း ကျွတ်လပြည့်နေ့အထိ ရဟန်း၊သံဃာတို့သည် သုံးလတိုင်မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုဘဲ စတင်ပြီး ဝါဆိုဝါကပ်ပြုတော်မူသောလဖြစ်သည်။ဝါတွင်းကာလတွင်း ရဟန်းသံဃာတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်စသည့် ရဟန်းအလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း စသည့်အကျိုးများကို ရည်ရွယ်၍ ဝါဆိုလတွင် ထူးခြားမွန်မြတ်သည့် ကုသိုလ်အဖြစ် ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်တို့သည် ဝါဆိုလတွင် ဖူးပွင့်ကြသည့်ပန်းများဖြင့် ဘုရားစေတီများတွင် သွားရောက်လှူဒါန်းခြင်း၊ မိမိတို့ အိမ်ဘုရားတွင် ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါသည်။


မြန်မာဝါဆိုလသည် မြန်မာလူမျိုးများ အမြတ်တနိုးထားကြသော ဇွန်လတွင် ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့သည် သိဒ္ဓတ္ထဂေါတမဘုရားလောင်းဘဝမှ မြတ်စွာဘုရား ဖြစ်တော်မူရန် နိမိတ်ကြီးလေးပါးကို သိမြင်တော်မူသောနေ့၊ တောထွက်သောမူသောနေ့၊ ဓမ္မစကြာ တရားတော် စတင်ဟောကြားတော်မူသောနေ့ဖြစ်ပါသည်။ ဤပွဲတော်ကာလသည် ဘုန်းတော်ကြီး (ရဟန်း) များ၏ ဝါတွင်းသုံးလစတင်သော ကာလဖြစ်ပြီး ညအိပ်ညနေခရီးကြွမြန်းခြင်းမပြုရန် သိက္ခာပုဒ်ပညတ်ထားပါသည်။ ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ဝါတွင်းကာလအတွင်း တရားကျင့်ကြံအားထုတ်ကြမည့် ရဟန်းများ၊ သီလရှင်များကို သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကာ ကုသိုလ်ယူကြပါသည်

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာ ဘုရားရှင်ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေး မှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံ တော်မူသောနေ့လဲဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လဲ ဖြစ်သည်။ သံဃာရတနာ စတင်ပေါ် ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသော နေ့လဲ ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လဲ ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ် သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာ အတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်း၊ ကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ဓမ္မစကြာတရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက်ကုသိတာ နတ်ပြည် မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်း ဟူသော နိမိတ် ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရား အဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သောကြောင့်တည်း။ ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်််နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည်။ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလ ပြည့်နေ့တွင်ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်း သွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆိုဝါကပ်မှုများကိုပြုကြသည်။ထိုကဲ့သို့  ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက်လပြည့်လကွယ်နေ့များတွင် သီတင်း၊ သီလဆောက်တည်၍ သူတော်ကောင်းတရားပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာ အားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်းသံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆို ဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။ မြန်မာမင်းများလက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲ ဖြစ်၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်းလောင်းတို့အား ရဟန်း ဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင်ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
    မြန်မာလတစ်ဆယ့်နှစ်လတွင် ဝါဆိုလသည် စတုတ္ထလဖြစ်သည်။ ရက်စုံသတ်မှတ်သောလဖြစ်သည်။ နေ့ကိုလိုဝါဆို၊ ညကို လိုပြာသိုဟူသော ဆိုရိုးအရ ဝါဆိုလသည် တစ်နှစ်တာကာလအတွင်းနေ့တာ အရှည်ဆုံးလတစ်လ ဖြစ်သည်။ တပေါင်းလပြည့်ကျော် တစ်ရက်မှ ဝါဆိုလပြည့်နေ့အထိ လေးလတာကာလကို နွေဥတုဟုသတ်မှတ်သောကြောင့် ဤလသည် နွေတစ်ဝက်၊ မိုးတစ်ဝက်လ ဟု  သတ်မှတ်နိုင်သည်။ သို့ရာတွင် မိုးကောင်းသောအရပ်ဒေသများ၌မူ မိုးဖြိုင်ဖြိုင်ကျရောက်ပြီး ဝါဆို၊ ဝါခေါင်ရေဖောင်ဖောင် ဖြစ်နေပေသည်ဝါဆိုလကို ပုဂံခေတ်က မလွယ်တာဟုလည်းကောင်း၊ မြွယ်တာ၊ နွယ်တာ၊ နွေတာ ဟုလည်းကောင်း ခေါ်ဝေါ်ရေးသားခဲ့ကြသည်။ အဓိပ္ပာယ်မှာ နွေရာသီ၏ အဆုံးအပိုင်းအခြားသို့ ရောက်သောလ၊ လယ်ယာမြေ အပိုင်းအခြားကိုတိုင်းတာသောလ ဟူ၍ဖြစ်သည်။ ထိုအခေါ်အဝေါ် အရေးအသားများသည် ယနေ့ခေါ်ဝေါ်သုံးစွဲနေသော ဝါဆိုနှင့် မဆက်စပ်မိပေ။ ဝါဆိုလဟု ခေါ်ဝေါ်သုံးစွဲမှုသည်   နောက်ပိုင်းမှ သူ့အဓိပ္ပာယ်နှင့်သူ   ပေါ်ပေါက်လာခြင်းဖြစ်သည်။ သံဃာတော်များသည် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍   ဝါဆိုကြရပြီး ဝါထပ်နှစ်တွင်မူ ဒုတိယဝါဆိုလပြည့်ကျော် တစ်ရက်မှ စတင်ဝါဆိုသည်။ ဝါဆိုသောအခါ မြတ်စွာဘုရား၏ ရှေ့တော်တွင် ဣမသ္မိံဝိဟာရေ၊ ဣမံ တေမာသံ ဝဿံ ဥပေမိ ဤကျောင်း၌    ဤမိုးသုံးလအတွင်း မှီတင်းနေထိုင်ပါမည်ဟု ရွတ်ဆိုပြီး ဝါကပ်ကြသည်။ သံဃာတော်များသည် ဝါတွင်းသုံးလပတ်လုံး အခြားတစ်ပါးသို့ ညဉ့်အိပ်ညဉ့်နေမသွားရပေ။ သို့ရာတွင် တရားနာလို၍ဖြစ်စေ၊ အလှူပြုလို၍ဖြစ်စေ၊ ဖူးမြင်လို၍ဖြစ်စေ    ပင့်လျှောက် သူရှိပါကညဉ့် အိပ်ညဉ့်နေသွားရမည်ဆိုလျှင် ဒါနဉ္စဒါတုံ၊ ဓမ္မဉ္စသော တုံ၊ ဘိက္ခုံစ ပဿိတုံ ဟူသော ဝိနည်းဒေသနာတော်နှင့်အညီ ဝါပန်၍ သွားကြရသည်။ ဝါမပန်ဘဲ ညဉ့်အိပ်ညဉ့်နေသွားမိလျှင် ဝါကျိုး၊ ဝါပျက်သည်ဟု သတ်မှတ်သည်။ ဝါဆိုလဟုခေါ်တွင်ခြင်းမှာကား ရဟန်းသံဃာများသည် မိုးသုံးလအတွင်း၌ ကျောင်းတွင်နေပါမည်ဟု ရွတ်ဆိုကာ ဝါဆိုဝါကပ်ပြီး မိုးခိုသောလဖြစ်သောကြောင့် ဝါဆိုလဟုခေါ်တွင်ကြောင်း မှတ်သားရသည်။ ဝါဆိုလ၌ထွန်းသောတာရာမှာ ဗျိုင်းတာရာဖြစ်ပြီး ရာသီရုပ်မှာ ပုစွန်လုံးပုံဖြစ်သည်။ အာသဠီနက္ခတ်နှင့် စန်းယှဉ်၍ လပြည့်သည်။ ရာသီပန်းမှာပုန်းညက်ပန်းဖြစ်သည်။ဝါဆိုလသည် ဗေဒင်အခေါ် ကရကဋ်ရာသီ၊ ထိုရာသီတွင်  ပြုဗ္ဗာသာဠ်နှင့်လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်သည်။ ဝါဆိုလကို အကြောင်းပြု၍ မဟာအတုလမင်းကြီး၏ ဝါဆို လဖွဲ့လွမ်းချင်း တစ်ပုဒ်တွင် ကိုးခွင်ဝယ် မှိုင်းပါလို့၊ မြင်တိုင်းမှာတဲ့မည်းညို၊ လဲ့လဲ့ငယ်စို၊   ယုဂန္ဓိုရ် တောင်မဟာက ပြုဗ္ဗာသာဠ်ထွန်းတဲ့   လကိုလေး.....၊ ဆင်တာရာငယ်၊ ရာသီကရကဋ်၊ နရိန္ဒာလဲညာတောင်နတ်နှင့် ဗိုလ်မြတ်ကယ်နိဗ္ဗူ၊ အောင်ဆုယူလို့၊ ရှစ်ဖြူရိပ်စံ ပဉ္စင်းတော်ခံသောခါ၊ ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက် ညိုမာလာမင်းက သင်းလှတယ်လေးဟု ဖွဲ့ဆိုခဲ့သည်။ ရှေးမင်းများလက်ထက်က  ဝါဆိုလတွင် ပဉ္စင်းခံပွဲများကျင်းပလေ့ရှိသဖြင့် ဝါဆိုလ၏ ပွဲတော်မှာ ပဉ္စင်းခံပွဲ
တော်ဟု သတ်မှတ်ထားသည်။ မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦးဟောပြီးနောက်
  ပဉ္စဝဂ္ဂီငါးဦးတို့  ရဟန်းပြုခွင့် ပန်ကြားရာခွင့်ပြုပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ရကြသည်။ ဤအကြောင်းကို အရင်းခံ၍ ဝါဆိုလ၌ ပဉ္စင်းခံပွဲများ ကျင်းပကြခြင်းဖြစ်သည်။  အလားတူစွာ  ရှေးဘုရင်များလက်ထက် နယုန်လအတွင်း ကျင်းပပြီးစီးခဲ့သော စာပြန်ပွဲတော်၌ ထူးချွန်သော သာမဏေများကို ရဟန်းဘောင်သို့သွတ်သွင်းရာမှ ပဉ္စင်းခံပွဲတော်တွင်ကျယ်လာခြင်းဖြစ်သည်။ စာပေအထောက်အထားများအရ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် ပဉ္စင်းခံပွဲတော်များ တခမ်းတနားကျင်းပခဲ့ကြောင်းသိရသည်။ မြန်မာဘုရင်အဆက်ဆက်သည် ထေရဝါဒဗုဒ္ဓသာသနာတော်အဓွန့်ရှည်ရေး၊ စည်ကားပြန့်ပွားရေးကို အလွန်အားပေးချီးမြှောက်ခဲ့ကြသည်။ ဗုဒ္ဓ၏တရားဒေသနာတော်များသည် လူသားတို့အား လောကကြောင်း၊ ဓမ္မကြောင်းနှစ်ဖြာသောအကြောင်းတို့၌ ကောင်းမွန်သန့်စင်ရည်မွန်ယဉ်ကျေးအောင် ပဲ့ပြင်ပေးသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်ယဉ်ကျေးမှုများ ပျံ့နှံ့သက်ရောက်စေရေးအတွက် ရဟန်းဘဝတွင်နှစ်ဝါ၊ သုံးဝါမျှသာနေရန် ရည်ရွယ်သူဖြစ်စေကာမူ ဗုဒ္ဓယဉ်ကျေးမှု၏ အမွေ၊ အနှစ်များ ရရှိသွားစေလိုသော စေတနာရည်ရွယ် ချက်ဖြင့် ထိုသူများကိုပါ ဘုရင်မင်းမြတ်တို့က ပဉ္စင်းခံပေးခြင်းဖြစ်သည်။ ယနေ့ကာလအထိ ဝါဆိုလအတွင်း ပဉ္စင်းခံပွဲများကိုနေရာဒေသအလိုက်  ပြုလုပ်လျက်ရှိရာကောင်းမြတ်သော မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံညီညွတ်လျက်ရှိပေသည်။ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာအယူဝါဒ ရေးဆိုင်ရာနေ့ထူးနေ့ မြတ်ဖြစ်သည်။ဝါဆိုလပြည့်နေ့၏ထူးခြားမှုမှာ ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊  သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူ သောနိမိတ်ကြီး လေးပါးကို မြင်မိရာမှ သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့အား  တရားဦးဓမ္မစကြာဟောတော်မူသောနေ့၊   သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိတက္ကတွန်းများကို နှိမ်နင်းရန် တန်ခိုးပြာဋိဟာပြသောနေ့များသည် ဝါဆိုလပြည့်နေ့ပင်ဖြစ်သည်။ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်ဓမ္မစက်၊ တန်ခိုးပြာဋိဟာဟု စာချိုးတွင် သတ်မှတ်ခဲ့ကြသည်။ ဝါဆိုလ၊ ဝါဆိုပွဲတော်ဟုဆိုရာ၌ ဝါဆိုလတွင် သက်ကြီးဝါကြီးပူဇော်ကန်တော့ပွဲ၊ သံဃာတော်များ ဝါဆိုဝါကပ်သောပွဲ၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပူဇော်ပွဲများ အရပ်ရပ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ရှေးကဘုရင်မင်းမြတ်များသည် ဝါဝင်ကာလတွင်တစ်ကြိမ်၊ ဝါကျွတ်ကာလတွင်တစ်ကြိမ် မင်းသား၊ မင်းသမီး၊ မင်းမြေး၊ မင်းမှုထမ်းတို့၏ ကန်တော့ခြင်းကို ခံယူကြသည်။ ထိုထုံးကိုနှလုံးမူ၍ အချို့သောအရပ်ဒေသများတွင် ဂါရဝမင်္ဂလာ၊ ပူဇာစ ပူဇနေယျာနံ မင်္ဂလာနှင့်အညီ အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးသူများကို ပူဇော်ကန်တော့ကြသည်။ ရဟန်းတော်အရှင်သူမြတ်များသည်လည်း သိက္ခာ၊ ဝါကြီးတော်မူသည့် နီးစပ်ရာ ဆရာတော်ကြီးများအား လိုက်လံကန်တော့သော အစဉ်အလာရှိခဲ့ပြီး ထိုအစဉ်အလာသည် ယနေ့ထိတိုင် တည်ရှိနေသည်။ဝါဆိုလသည် စိုက်ပင်၊ ပျိုးပင်များစိုက်ပျိုးပြီးစ အချိန်ဖြစ်သည်။ ထိုအချိန်တွင် သံဃာတော်များ ခရီးလှည့်လည်သွားလာနေကြရာ လယ်ထဲ၊ယာထဲမှ ကောက်ပဲသီးနှံများ ထိခိုက်ပျက်စီးသဖြင့် လူများ၏ပြစ်တင်ငြိုငြင်ခြင်းကို ခံရသည်။ ထို့ကြောင့်မြတ်စွာဘုရားသည် မိမိ၏တပည့်သား သံဃာတော်များအား ဝါဆိုလပြည့် ကျော်တစ်ရက်နေ့၌ဖြစ်စေ၊ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့၌ဖြစ်စေ ဝါဆိုဝါကပ်ကြရမည်။ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်သို့မျှ ညဉ့်အိပ်ညဉ့်နေမသွားကြရဟု ပညတ်တော်မူသည်။ ဝါကပ်ရာတွင် ပုရိမဝါနှင့် ပစ္ဆိမဝါဟူ၍ နှစ်မျိုးရှိသည်။ ပုရိမဝါကို ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ စတင်ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်ကာ ဝါကျွတ်ခြင်းဟု သတ်မှတ်သည်။ အကြောင်းမညီ ညွတ်၍ ပုရိမဝါမဆိုလိုက်ရလျှင် ဝါခေါင်လပြည့်ကျော်တစ်ရက်၌ ပစ္ဆိမဝါကပ်နိုင်သေးသည်။ပစ္ဆိမဝါမှာ တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်ကာ ဝါကျွတ်သည်။ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရား လက်ထက်တော်က တပည့်သံဃာတော်များအား ခွင့်ပြုထားတော်မူသော သင်္ကန်းတို့တွင်ဝဿဝါ သိကသင်္ကန်းနှင့်ဝဿိကသာဋိကသင်္ကန်းတို့ ပါဝင်သည်။ ဝဿဝါသိကသင်္ကန်းမှာ မိုးကာလပတ်လုံး ဝါမကျိုး၊ ဝါမပျက်ဘဲဝါဆိုဝါကပ်နေပြီးသော    ရဟန်းအားလှူဒါန်းသည့်သင်္ကန်းဟု အဓိပ္ပာယ်ရသော ဝါကျွတ်သင်္ကန်းဖြစ်သည်။    ထိုသင်္ကန်းကို  ဝါဆိုပြီးသော ရဟန်းတော်များ ဝါကျွတ်ချိန်တွင် အလှူခံ ယူရန် မြတ်စွာဘုရားခွင့်ပြုတော်မူခဲ့သည်။  သို့ရာတွင်  အခြေအနေအရ အရေးပေါ်၊ ရုတ်တရက် လှူဒါန်းလိုပါကလည်း    ဝဿဝါသိကသင်္ကန်းမျိုးကို ဝါမကျွတ်မီဆယ်ရက်အလို ဝါတွင်းကာလ၌ လည်းအလှူခံနိုင်သည်ဟု မြတ်စွာဘုရားခွင့်ပြုတော်မူသည်။ ဝဿိက သာဋိကသင်္ကန်းမှာ မိုးတွင်းအခါ၌ ဝတ်အပ်သောသင်္ကန်းဖြစ်ပြီး နယုန်လပြည့်ကျော်မှစ၍ အလှူခံနိုင်ပြီး ဝါဆိုလဆန်းတွင် ဝတ်နိုင်သောသင်္ကန်းဖြစ်သည်။ မိုးရွာသည့်အခါ၌  ရေသနုပ်ကဲ့သို့ အသုံးပြုရသည်။ အဓိဋ္ဌာန်သီးခြား တင်ရသည်။ ယနေ့လူသိများသော ဝါဆိုသင်္ကန်းကိုမူ သံဃာတော်များဝါဆိုတော်မမူမီ တစ်ဆယ့်ငါးရက်အတွင်း   လှူဒါန်းလေ့ ရှိကြသည်။ယနေ့ကာလတွင် ဝါဆိုလဆန်းတစ်ရက်မှ ဝါဆိုလပြည့်နေ့ အထိ (ဝါထပ်နှစ်တွင် ဒုတိယဝါဆိုလဆန်းတစ်ရက်မှ ဒုတိယဝါဆိုလပြည့်နေ့အထိ) တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းခဲဖွယ် ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ ဝါဆိုလပြည့်နေ့တွင်ကား ဘုန်းကြီးကျောင်းများတွင် သီတင်းသီလဆောက်တည်သူများနှင့် စည်ကားသလို တန်ခိုးကြီးဘုရားများတွင်လည်း ဘုရားဖူးများနှင့် စည်ကားသိုက်မြိုက် လျက်ရှိသည်။ အထူး သဖြင့် မိုးဦးကာလ ဝါဆိုလအတွင်း ထာဝရကုသိုလ်အနေဖြင့်  သစ်ပင်များစုပေါင်းစိုက်ပျိုးကုသိုလ်ယူလေ့ရှိသဖြင့် ဝါဆိုလအခါသမယသည် ကောင်းမြတ်မင်္ဂလာအဖြာဖြာနှင့်  ပြည့်စုံသောလတစ်လဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။

မကွေးတိုင်း(ပွင့်ဖြူ)

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။ ထိုနေ့သည် ‌စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတာ်နေ့လည်း ဖြစ်ပါသည်။ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃) လကြာ ဆင်နွှဲကျင်းပတာဖြစ်ပါတယ်။  စေတီတော်မြတ်ကြီးကို လာရောက်ဦးခိုက် ဘုရားဖူးလာတဲ့ ငါးများလည်း‌ရှိပါသည်။ ဒါ့ကြောင့် ဘုရားဖူး ငါးခေါ်ပွဲကိုလည်း တစ်ခမ်းတစ်နားနဲ့ ထည့်သွင်း ကျင်းပလေ့ရှိပါတယ်။   ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) လည်းဖြစ် ၊ စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်နေ့လည်းဖြစ်ပြီး ဘုရားဖူးပြည်သူတွေနဲ့ အရမ်းကိုစည်ကားလျက်ရှိကာ ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာ ဖူးမြော်နိုင်အောင်လည်း စီစဉ်ဆောင်ရွက် ပေးထားပါတယ်။ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီးကို  လာရောက်ဖူးမြော်ကြသူတွေအနေနဲ့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါက ရဟန္တာငါးရာနဲ့ ခုနှစ်ရက်တိုင်တိုင် သီတင်းသုံး နေထိုင်ခဲ့စဉ်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းများကို လေ့လာခွင့်ရပါမယ်။ ပြီးရင် စေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာရှိတဲ့  ရှင်မဟာပုဏ္ဏမထေရ်မြတ်၏ သစ္စာဆေးတော်ကန်နဲ့ စန္ဒကူးပင်တောက တစ်ပင်တည်းသော စန္ဒကူးပင်ကြီးက ထူးကဲအနံ့အရသာ စန္ဒကူးနံ့သာ ထွက်ရှိမှုကို လေ့လာခွင့် ရပါမယ်။ နောက်ပြီး စေတီတော်ကြီးအနီးမှာရှိတဲ့ ငါး/လိပ်ကန်မှာ ကုသိုလ်ပြု အစာကျွေးမွေးလှူဒါန်းနိုင်ပါတယ်။ ခုလို ဘုရားဖူးလာတဲ့သူတွေများသည့်အတွက်ကြောင့် ဒေသဒေဈေးသည်တွေနဲ့ ဘုရားပွဲတော် ဈေးလာရောင်းကြတဲ့ ဈေးသည်တွေ ဈေးရောင်းကောင်းပြီး လုပ်ငန်းအဆင်ပြေကြပါသည်။



မကွေး၊ ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာကျောင်းတော်ရာ

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသည် သက်တော်ထင်ရှားရှိစဉ်က ရဟန္တာငါးရာဖြင့် ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် စေတီတော်မြတ်ကြီးဖြစ်၍ ယခုလို နေ့ထူးနေ့မြတ်ရက်များနှင့် ပွင့်လင်းရာသီချိန်များတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား လာရောက်ဖူးမြော်ကြသည့် နေရာဒေသတစ်ခုလည်းဖြစ်သည်။ 

စစ်ကိုင်းတိုင်း(စွမ်းဦးပုညရှင်)
စစ်ကိုင်းမြို့၏ ဝါတွင်းကာလ ဘုရားစဉ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်၏  ဗုဒ္ဓပူဇနိယပွဲတော်တွင် သံဃာအပါး (၇၀ဝ)အား ဆွမ်းကြီးလောင်းလှူကြပါသည်။ဆွမ်းဦးပုညရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ဝါဆိုလပြည်နေ့ (ဓမ္မစင်္ကြာ အခါတော်နေ့)၌  ကျင်းပလေ့ရှိပြီး  ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ပင့်သံဃာဆရာတော် အပါး ၇၀ဝ တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုလှူဒါန်းခြင်း၊ စစ်ကိုင်းမြို့ရှိ ဆွမ်းတော်ကြီး ဝတ်အသင်းများမှ ဆွမ်းဦးပုညရှင်စေတီတွင် ဆွမ်းကြီးလောင်းလှူခြင်းများ ဖြင့်စည်ကားလျက်ရှိသည်။



စစ်ကိုင်း ဆွမ်းဦးပုညရှင်

စစ်ကိုင်းမြို့၏ ဝါတွင်းကာလဘုရားစဉ်ပွဲ၏ ပထမဆုံးပွဲဖြစ်သော စစ်ကိုင်းတောင်၊ ဆွမ်းဦးပုညရှင် စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေး ရွာများ၊ အနယ်နယ် အရပ်ရပ်မှ စစ်ကိုင်းတောင်ရိုးသို့ ဝါဆိုသင်္ကန်း လာရောက်ကပ်လှူသူများ၊ ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားလျက်ရှိသည့် ပွဲတော်ဖြစ်ပါသည်။


သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထား ကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂) လရာသီပွဲတော်များအနက်  ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်း အနားတွင်  ဓမ္မစကြာတရား ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။



ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး


ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)နံနက်တွင် စေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ခြင်းများ  သီ လပေးတရားပွဲ၊ နေ့တရားပွဲနှင့်  စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကိုဆောင်ရွက်ကြပါသည်။

ဝါဆိုလပြည့်၊ပခုက္ကူမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီပုထိုးများ

ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ဘုရား၊ စေတီ၊ ပုထိုးများ၌ ဝါဆို သင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူများ၊ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှု ပြုကြသူများဖြင့် စည်းကားလျက်ရှိသည်၊၊ ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာသာသနာထွန်းကားရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ တည်ရှိရာမြို့လည်းဖြစ်သောကြောင့်ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများသည် ဝါဆိုလပြည့် (ဓမ္မစကြာနေ့)တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူ ဇော်ခြင်း၊ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝန်းအတွင်းရောင်းချထားသော အမှတ်တရပစ္စည်းများဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်၍ အပန်းဖြေအနားယူခြင်းတို့ဖြင့် အသီးသီးလာရောက် ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိပါသည်။

  



                         
               
                                                                                                          


 ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရား
 



    မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် ဝါဆိုလပြည့်နေ့သည်  ဂေါတမဘုရားလောင်း ပဋိ သန္ဓေတည်သောနေ့၊ တောထွက်သောမူတော်နေ့၊ ဓမ္မစကြာတရားစတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာစတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှအရိယာ ခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ “ဧဟိဘိက္ခု”ဟူသော စကားကို စတင်ကြားရသော နေ့စသည်ဖြင့် ထူးခြား သောနေ့တစ်နေ့ဖြစ်ခြင်းတို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် တန်ခိုးကြီးဘုရားစေတီတို့တွင် ဝါဆို သင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာကျင့်ကြံ အားထုတ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းတို့ကို ရှေးယခင် နှစ်ပေါင်းများစွာကပင် မြတ်ဗုဒ္ဓကို အာရုံပြုကြည်ညို၍ ဒါနကုသိုလ်ယူလေ့ရှိကြပါသည်။


ဝါဆိုလပြည့်(ရွှေတိဂုံဘုရား)


 


လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...