နိုင်ငံသားတိုင်းအတွက် နိုင်ငံကြီးသားပီသသူတွေအဖြစ်ရေးထိုးမှတ်တမ်းတင်နိုင်မည့် အခွင့်အလမ်း
နိုင်ငံတစ်နိုင်ငံအတွက် နယ်မြေတည်တံ့မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုနဲ့ အမျိုးသားလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ဖို့အတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း တာဝန်ရှိသည်။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံကို ကာကွယ်ရန် ကာကွယ်ရေးစီမံချက် အသီးသီးချမှတ်ကြသည့်အခါ နိုင်ငံအများစုတွင် အရွယ် ရောက်သူနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်ကြလေ့ရှိကြသည်။
မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် နိုင်ငံကို ကျူးကျော်၊ ကျွန်ပြု၊ ဖိနှိပ်၊ ညှင်းပန်း၊ သွေးစုပ်ခြယ်လှယ်သော၊ နယ်ချဲ့သမားလက်တို့မှ မြန်မာ့မြေ၊ မြန်မာပြည်သူအားလုံးတို့၏ အချုပ်အခြာအာဏာကို ပြန်လည်တိုက်ယူအောင်မြင်ခဲ့သဖြင့် လွတ်လပ်ရေးရခဲ့သည့် ၄-၁-၁၉၄၈ ရက်နေ့တွင် မြန်မာတို့က ကမ္ဘာသိအောင်ထုတ်ပြန်ကြေညာသော လွတ်လပ်ရေးကြေညာစာတမ်းပါ လွတ်လပ်ရေးကို ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့လွတ်လပ်ရေးကို လေးစားစောင့်စည်းမည်နှင့် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငြိမ်းချမ်းရေးကိုလိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သည်ကို အစဉ်သတိရ တန်ဖိုးထားလျက်ရှိသည်။
မြန်မာနိုင်ငံသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ မျှော်လင့်တောင့်တနေသည့် တည်ငြိမ်အေးချမ်းမှုရရှိရန်၊ ပြည်သူများအမှန် တကယ်လိုလားသည့် စစ်မှန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်တည်ဆောက်ရန် ၂၀၁၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပြီးဖြစ်သည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ပြည်သူတိုင်း စစ်ပညာတတ်မြောက်ရန်၊ စစ်မှုထမ်းအတွေ့အကြုံရှိရန်၊ အချိန်မရွေးစစ်တိုက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စစ်မှုထမ်းကြရမည်ဖြစ်သည်။ စစ်မှုထမ်းကြရသည့်အခါ အကြိုလေ့ကျင့်မှုရှိခြင်းကြောင့် နိုင်ငံသားလူငယ်များသည် ကာယသန်စွမ်းမှု၊ နိုးကြားဖျတ်လတ်မှု၊ စည်းစနစ်ကျနမှု၊ တိကျသေချာမှု၊ အမိန့်နာခံတတ်မှုနဲ့ အများနဲ့ယှဉ်တွဲ နေထိုင်တတ်မှုများအပြင် အဓိကအရေးကြီးဆုံးဖြစ်သည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းအောင်းလာမည် ဖြစ်သည်။ ထို့အပြင် အခြေခံကျွမ်းကျင်မှု၊ အခြေခံသိမှုနယ်ပယ်များ ပိုမိုမြှင့်တင်ရာရောက်သည့်အပြင် ကျန်းမာကြံ့ခိုင်တဲ့ အလေ့အကျင့်ကောင်းများလည်း ရရှိမည်ဖြစ်သည်။
လက်ရှိ မြန်မာ့တပ်မတော်သားများသည် မျိုးချစ်စိတ်ဓာတ်ပြည့်ဝသည့် တိုင်းရင်းသား လူငယ်များဖြစ်ပြီး မိမိသဘောဆန္ဒအလျောက် ဝင်ရောက်စစ်မှုထမ်းဆောင်နေသည့် တပ်သားများဖြင့် စုစည်းထားသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်သောကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည် နိုင်ငံသားတိုင်းအတွက် စစ်မှန်သည့်ခံယူချက်ကို မှတ်ကျောက်တင်ပေးနိုင်သည့်အပြင် နိုင်ငံကြီးသားပီသသူတွေအဖြစ် ရေးထိုးမှတ်တမ်းတင်နိုင်မည့် အခွင့်အလမ်းဖြစ်သည်။
မြန်မာနိုင်ငံသားတိုင်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ပြီဆိုတာနဲ့ ဂျီနီဗာကွန် ဗင်းရှင်း၊ စစ်သည်တော်ကျင့်ဝတ် စတာတွေနှင့်အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားအောက်တွင် အနီ၊ အစိမ်း၊ အပြာ၊ အဝါ စသည့် ကာလာမတူ ဝါဒမတူညီမှု အသီးသီးအားလုံးချုပ်ငြိမ်း၍ ပြည်ထောင်စုသားအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် တွေ့ဆုံနိုင်မည်ဖြစ်ပြီး လူငယ်များအနေဖြင့် တပ်မတော်ရဲ့၏မူဝါဒ၊ ရပ်တည်ချက်များကို သိရှိနားလည်သဘောပေါက်လာမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အခန်း(၈) ခန်းနှင့် ပုဒ်မ (၃၃) ခုဖြင့် ပြဋ္ဌာန်းထားပြီး စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသူများ၊ ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင်အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသူ နိုင်ငံသားတိုင်းကို စစ်မှုထမ်းရမည့် အသက်အရွယ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။ ကျွမ်းကျင်သူဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကိုဆိုသည်။ စစ်မှုထမ်းဆောင်ရမည့် ကာလမှာ ၂၄ လ (နှစ်နှစ်)ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအနေဖြင့်မူ ၃၆ လ (သုံးနှစ်) ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန်ကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အမှန်တကယ်လက်တွေ့လိုက်နာ ကျင့်သုံးဆောင်ရွက်သည့် အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံများနည်းတူ စစ်မှုထမ်းခြင်းကို နိုင်ငံသားတစ်ဦး၏ သာမန်ဝတ္တရားအဖြစ် ရှုမြင်လာမည်ဖြစ်သည်။

No comments:
Post a Comment