ထိုင်းနိုင်ငံမှ
ရိုက်ကူးရေးအဖွဲ့များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
ထိုင်းခရီးသွားဧည့်သည်များအနေဖြင့်
ပိုမိုသိရှိလာရောက်လည်ပတ်စေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏
ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရယူထားသော Picturesque
Myanmar Group Co.Ltd ၏ ပူးပေါင်းစီစဉ် ဆောင်ရွက် မှုဖြင့်
ထိုင်းနိုင်ငံမှ Mr.Akaluk jarukijpaisal အပါအဝင်
ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ဝင် ၁၅ ဦးတို့သည် ယနေ့ညနေပိုင်းတွင်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်
တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်
ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
လာရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ
ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍
တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်
ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး
အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက်
မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့်
ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့်
ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက
မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊
ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊
လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍
ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ
စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
အောင်မြင်စွာတည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများကို
လိုက်လံရှင်းလင်းပြသသည်။
No comments:
Post a Comment