Saturday, December 23, 2023

မန်းရွှေစက်တော်ဘုရား

 

မန်းရွှေစက်တော်ဘုရား


မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို တပိုတွဲလဆန်း (၅)ရက် (ဇန်နဝါရီ ၂၅ ရက်)မှ မြန်မာနှစ်ဆန်း (၁)ရက်နေ့အထိ ရက်ပေါင်း(၈၀)ကြာ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ပွဲတော် များအနက် ရက်အရှည်ဆုံး ကျင်းပသည့် ပွဲတော်တစ်ခုလည်းဖြစသလို မြန်မာနိုင်ငံ၏ အစည် ကားဆုံးဘုရားပွဲတော်လည်းဖြစ်ပြီး ပွဲတော်အတွင်း ဘုရားဖူးခရီးသည်များ နေထိုင်မှု အဆင်ပြေ စေရန် အခန်းများလည်း ပြုလုပ်နေပါတယ်။

သမိုင်းဝင် မန်းရွှေစက်တော်ဘုရားပွဲ၏ ထူးခြားချက်မှာ အခြားအထင်ကရ နေရာများဖြစ်သည့် စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော် ဘေးမဲ့တော ဥယျဉ်ရှိ ကြယ်လိပ်နှင့် ရွှေသမင်ခြံများ၊ ငှက်မျိုးစိတ်များ ကြည့်ရှုလေ့လာ နိုင်သည့်အပြင် မဟာပုဏ္ဏရဟန္တာ အရှင်မြတ် တည်ထားကိုးကွယ်ခဲ့သော အောက်ကျောင်း သမုတ္တဂီရိ မြစေတီ ဘုရား၊ ရေပုတ်ကလေးရွာမှ ရွှေမြင်တင်စေတီနှင့် စကုမြို့မှ ထေရ်ကြီးစေတီများနှင့် ရုပ်စုံ ကျောင်းများမှာလည်း တဆက်တစပ်တည်း ဖြစ်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ခရီးသွား ပြည်သူများသည် ဘုရားစေတီများဖူးမြော်ကာ အထင်ကရနေရာများအား ဝင်ရောက် ကြည့်ရှု လေ့လာနိုင်သောနေရာလည်းဖြစ်သည့်အတွက်ကြောင့် ခရီးသွားများ အနေဖြင့်ရက်ရှည် ခရီး ထွက်သင့်သည့် နေရာဖြစ်တယ်လို့ အကြံပြုလိုပါတယ်။

စက်တော်ရာဘုရားတည်နေရာ

စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးသော အနောက် ရိုးမ အရှေ့ဘက်ဆုံးတောင်စွယ်ပေါ်တွင် တည်ရှိသည်။ စက်တော်ရာစေတီကို ရွှေစက်တော် ဟူ၍လည်ကောင်း၊ မန်းစက်တော်ရာ ဟူ၍လည်းကောင်း၊ မန်းရွှေစက်တော်ဟူ၍လည်းကောင်း ခေါ်ကြသည်။ စက်တော်ရာသို့ ဘုရားဖူးသွားလိုလျှင် မင်းဘူးနှင့် စကုမြို့များမှတစ်ဆင့် ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်သည်။ စက်တော်ရာသည် စကုမြို့၏ အနောက် တောင်ဘက် ၁၆ မိုင် အကွာတွင် တည်ရှိသည်။ စက်တော်ရာသည် အောက်စက်တော်ရာနှင့် အထက်စက်တော်ရာဟူ၍ နှစ်ဌာနရှိသည်။ တောင်ပေါ်တွင် ရှိသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာတစ်ဆူကို အထက်စက်တော်ရာဟု ခေါ်ကြ၍ တောင်အောက် မန်းချောင်းဘေး၌ ရှိသော ခြေတော်ရာတစ်ဆူကို အောက်စက်တော်ရာဟု ခေါ်ကြသည်။

ဘုရားသမိုင်း

ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် ငါးဝါမြောက်သောအခါ သုနာ ပရန္ထ တိုင်း၊ လယ်ကိုင်းမည်သော ဝါဏိဇ္ဇဂါမ၌ မဟာပုဏ် (မဟာပုဏ္ဏ)၊ စူဠပုဏ် (စူဠပုဏ္ဏ) ကုန်သည် ညီနောင် နှစ်ယောက်တို့သည် ဘုရားသခင်အား ပန်ကြား၍ စန္ဒကူးနံ့သာကျောင်းကို ဆောက် ၏။ ဘုရားသခင်လည်း သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှ ပြာသာဒ်ယာဉ်ပျံ ၅ဝဝ တွင် ရဟန္တာငါးရာတို့အား လိုက်ပါစေပြီး အခြံအရံပြုလျက် ကောင်းကင်ခရီးဖြင့် ကျောင်းတော် မပြီးမခြင်း အကြိမ်ကြိမ် ကြွတော်မူလာ၏။

ဤကိုရည်၍ ရှင်မဟာသီလဝံသ အရှင်သူမြတ်က တံတားဦးတည် မော်ကွန်းတွင် 'သုနာပရန်၊ ကျွန်းမွန်အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ်နှစ်ထပ်၊ စက်ရှင်ကွပ်၍၊ မြန်ရပ်တမူ၊ စည်လိမ့်ဟူသား၊ လှိုင်ကြူမေတ္တာ၊ ဈာန်ချမ်းသာဖြင့် စမ္ပာယ် ဓာတ်လှောင်း၊ နံ့သာကျောင်းဝယ်၊ ကျန်းအောင် ဘုန်းကြီး၊ ဆုံးမငြီးလျှင် မပြီးမခြင်း၊ လုပ်စဉ်တွင်း၌ သနင်းခေါက်ခေါက်၊ ကြိမ်ကြိမ် ရောက်၏' ဟူ၍ စပ်ဆိုထားခဲ့လေသည်။ ထိုကျောင်းပြီးသောအခါ အလှူခံတော် မူပြီးလျှင် ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာဖြင့် မွေ့လျော်တော်မူ၍ တရားဒေသနာ တိုက်ကျွေးတော်မူသည်။ ထို့ နောက် ဝါဏိဇ္ဇဂါမသို့ ဆွမ်းခံကြွတော်မူရာ နမ္မဒါမြစ် (ယခုမန်းချောင်းနား) သို့ရောက်တော်မူသည်။

ထိုအခါ ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းသည် မြတ်စွာဘုရား၌ အလွန်ကြည်ညိုသဖြင့် နဂါးပြည်သို့ ပင့်လျက် ကြီးစွာသော ပူဇော်သက္ကာရတို့ဖြင့် တရားတော်ကို နာ၏။ တရားနာ ပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခုကို ပေးတော်မူခဲ့ပါရန် လျှောက်ထား သည့်အတွက် မြတ်စွာဘုရားလည်း နမ္မဒါမြစ်နား၌ ခြေတော်ရာပါဒစေတီကို ထားတော်မူခဲ့သည်။

ထိုစက်တော်ရာကို အောက်စက်တော်ရာဟု ခေါ်ကြ၏။ မြတ်စွာဘုရားသည် ထိုမှ သစ္စာဗန္ဓ တောင်ထိပ်သို့ ကြွတော်မူ၏။ တောင်ထိပ်သို့ ရောက်တော်မူလျှင် ထိုအရပ်တွင် ရှိသော သစ္စဗန္ဓ ရသေ့ကို တရားဟောတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေသည်။ သစ္စဗန္ဓထေရ်လည်း အရိုအသေကိုးကွယ်ရာကို တောင်းပန်ရာ မြတ်စွာဘုရားလည်း တစ်ခဲနက်သော အပြင်ရှိ ကျောက်ဖျာထက်၌ စိုသော မြေစိုင်ခဲပေါ်တွင် တံဆိပ်ခတ်ဘိသကဲ့သို့ စက်တော်ရာပါဒစေတီကို ချတော်မူ၏။ ထို့နောက် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။ ဒုတိယချတော်မူသော ဤခြေရာတော်ကို အထက်စက်တော်ရာဟု ခေါ်တွင်ကြသည်။ ယင်းသို့ ခြေတော်ရာနှစ်ဆူ ချတော်မူသည်ကို ရှင်မဟာသီလဝံသသည် တန်တားဦးတည်မော်ကွန်း၌ 'ကျယ်ပြောနောင်လာ၊ ငါ့ရိုက်ရာကား၊ သုနာပရန်၊ ကျွန်းမွန် အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ် နှစ်ထပ်၊ စက်ရှင်ကွပ်၍' ဟူ၍လည်းကောင်း၊ ရှင်မဟာရဋ္ဌသာရ တံတား ဦးတည် မင်္ဂလာစေတီ မော်ကွန်း၌ 'ရွှေစက်နင်းနှိပ်၊ ရာတံဆိပ်ဖြင့်၊ မာရ်နှိပ်ထက်ကြပ်၊ စက်ရှင်ကွပ်သား' ဟူ၍ လည်းကောင်း၊ 'နမ္မဒါဟု၊ မြစ်သာကမ်းနား၊ တောင်ထွတ်ဖျားဝယ်၊ နှစ်ပါးတူကွ၊ ရာတော် ပြလျက်၊ လောကသခင်၊ မျှလောက်စင်သည်၊ စည်ပင် သာသနာ၊ တည်ကြာလာမည်'ဟူ၍ လည်းကောင်း၊ စပ်ဆိုခဲ့သည်။ ထို့ပြင် ရှင်မဟာရဋ္ဌသာရသည် ရွှေစက်တော်သွား တောလား တွင်လည်း 'ဘုန်းသန်သကျ၊ မိုနိန္ဒလျှင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူ ကျွန်းမြတ်၊ ဘုန်းထွဋ်သိရိ၊ တမ္ဗဒိထက်၊ ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု နမန္ထာနား၊ ရာ့တပါးနှင့် တောင်ဖျားကျောက်ထိပ်၊ နင်းနှိပ်ရာတော်၊ နှစ်ဘော် ရွှေစက်၊ ရောင်ပြိုးပြက်သည်၊'ဟူ၍ စပ်ဆို ထားသည်။

ထိုစက်တော်ရာနှစ်ဆူကို မြတ်စွာဘုရားသခင် သက်တော်ထင်ရှား ရှိစဉ်ကပင်စ၍ အစဉ် အဆက် ကိုးကွယ်လာခဲ့ကြလေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက်တွင် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်ကာ၊ လူသူ အရောက်အပေါက် မရှိဖြစ်ခဲ့၏။ ထိုနောင် သီရိခေတ္တရာ၊ ဒွတ္တပေါင်မင်းကြီး လက်ထက် မင်းကြီးကိုယ်တော်တိုင် ကြွရောက်လာ၍ စက်တော် ရာနှစ်ဆူ အထက်၌ စုလစ်မွန်းချွန်၊ တုရင်မှန်ကင်း၊ မုတ်တံခါးတို့ကို ပြုလုပ်လှူဒါန်းခဲ့၏။ ထိုနောက် ညောင်ဦး စောရဟန်မင်း၊ ကြောင်ဖြူမင်းတို့ အဖူးအမြော် ကြွရောက်၍ အလှူဒါန ပြုခဲ့ကြသည်။ ပုဂံ အနော်ရထာ စောမင်းမှာမူကား ရွှေချိန် တစ်ထောင်ကို လှူဒါန်း ခဲ့၍ ကျန်စစ်သားမင်းကြီးမှာမူ ကိုယ်လေးတော်အမျှဖြင့် ရွှေကိုလှူဒါန်း ရုံမက ပန်းထိမ်း၊ မဖဲစ သည့် ခုနစ်မြို့မှ လူပေါင်း ၁၅ဝ ကို စေတီအစောင့်အဖြစ် လှူဒါန်းခဲ့ဘူးသည်။

အလောင်းစည်သူမင်းကြီးကမူ မြေများ လှူဒါန်း၍ ထိုနယ်မြေမှ မြေဆီ မြေခွန်၊ ပွဲ၊ တည်၊ ဆိပ်၊ ကင်း၊ ကူးတို့၊ ဆင်သေ၊ မြင်းလဲခွန် များ၊ တရားကွမ်းဖိုးများကို ဘုရား၏ဝေယျာဝစ္စအတွက် လှူဒါန်းခဲ့လေသည်။ ဤသို့ မင်းစဉ်မင်းဆက် ကြွရောက်ဖူးမြော်၍ လှူဒါန်းခဲ့ကြသော်လည်း နောင်ကာလတွင် လူသူ အရောက်အပေါက် မရှိဖြစ်ကာ ချုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်ခဲ့ပြန်လေသည်။ အင်းဝသာလွန်မင်းတရားကြီး လက်ထက် ရောက်သောအခါမှ ပထမတောင် ဖီလာဆရာတော်စသော ဆရာတော်ကြီး ၄ ပါးတို့ သည် မင်းတရားကြီး လျှောက်ထား တောင်းပန်သဖြင့် ရှာဖွေတွေ့ရှိခဲ့ရာမှ စက်တော်ရာဒေသသို့ လူသူအရောက်အပေါက် လွယ်ကူစေရန် ရှင်းလင်းစေခဲ့လေသည်။ ထိုနောက် မင်းများသည် အ‌လောင်းမင်းတရားကြီး လက်ထက်တိုင် စက်တော်ရာဒေသသို့ ကြွရောက်၍ လှူဒါန်းပူဇော်ကြလေသည်။

သက္ကရာဇ် ၁ဝ၅၈ ခုနှစ်တွင် လယ်ကိုင်းမြို့ဒေသမှ ရှင်သုဓမ္မစာရီသည် ဘုရားဖူးလာသူတို့ အခက်အခဲ မတွေ့စေရန်နှင့် ရာသီဥတုဘေးဒဏ်မှ ကင်းဝေးစေရန် အထက်စက်တော်ရာကို ရှိရင်းတောင်ကမ်းပါးမှ ငြမ်းဆင်၍ ပြောင်းရွှေ့စေရာ ခြေတော်ရာမှ ခြေသန်းတော်မှာ ပဲ့သွားလေသည်။ ယင်းသို့ ပဲ့သွားသော နေရာတွင် ရွှေဖြင့် အစားထိုးပြင်ဆင်ထားခဲ့၏။ ယခုအခါ မြန်မာနိုင်ငံအရပ်ရပ်မှ လွယ်ကူစွာ သွားလာနိုင်ရန် စီစဉ်ထားလေသည်။

စက်တော်ရာအနီးအနားရှိ တောင်များ၊ ဒေသများကို ဘုရားသခင်၏ ခြေတော်ရာကို ချထားပေး သ နားရန် တောင်းပန်ခဲ့သော ပစ္စဗန္ဓမထေရ်အား အစွဲပြု၍ ယခုအခါ မှည့်ခေါ်ထားသည်ကို တွေ့ရ၏။ ထိုမထေရ်သည် ရှေးအခါ မုဆိုးအဖြစ်ဖြင့် အသက်မွေးခဲ့စဉ်က နေထိုင်သည် ကိုအစွဲပြု၍ အထက်စက်တော်ရာ ဘေးမှတောင်ကို 'မုဆိုးတောင်' ဟုလည်းကောင်း၊ ထိုတောင် အောက်ရှိသော သားကောင်မှရသည့် သားရေကြက်ရာ နေရာဖြစ်၍ 'သားရေကြက်တောင်'ဟု လည်းကောင်း ယုံမှတ်ခေါ်ဝေါ်ကြသည်။ မုဆိုးတောင်၏ လက်ျာအစွန်းတွင် ထူးခြားစွာ တည်ရှိ နေသော ကျောက်တုံးကြီးတစ်ခု၌ မုဆိုး၏ ဒူးထောက် ရာနှင့် ခြေရာများရှိ၍ ထိုခြေရာတို့တွင် တင်ရှိနေသော ရေများကို မျက်စဉ်းအဖြစ် ခတ်ပါက မျက်စိရောဂါများ ပျောက်သည်ဟု ယုံကြည်ကြသည်။ လမ်းခရီးစခန်းများကိုလည်း စက်တော်ရာသမိုင်းနှင့် ဆက်စပ်၍ အမည်မှည့် ခေါ်ထား၏။ စကုမြို့မှ ၇ မိုင်ခန့်အကွာ အနောက် ဘက်တွင် မုဆိုးကြီး ယုန်လိုက်ကြည့်ရာ တောအုပ်တစ်ခုရှိခဲ့သည်ဟု ယုံကြည်ဖြင့် ထိုနေရာကို 'ယုန်ကြည့်တောင်' ဟု ခေါ်ကြသည်။ မြတ်စွာဘုရားသခင် ကြွရောက်စဉ်က ဆွမ်းစားပြီးနောက် လုပ်တော်ဆေးခဲ့သည်ကို ရည်ညွှန်း ၍ 'လုပ်ဆေးချောင်း'ဟု ခေါ်တွင်ကြသည်။ ထိုချောင်းတွင် ဆန်စေ့တူသော ကျောက်ခဲကလေး များကို အနှံ့အပြား တွေ့ရှိရ၏။

စက်တော်ရာ ဘုရားသို့ ရောက်ခါနီး တောင်အဆင်းစခန်း တစ်ခုကိုလည်း မုဆိုးကြီးလေးတင်၍ ဆင်းရာအရပ်ဟု ယုံကြည်ကြကာ 'လေးတင်ဆင်းစခန်း'ဟု အမည်ပေးထားကြသည်။ အထက် စက်တော်ရာ တောင်ဘေးရှိ လိုဏ်ဂူတစ်ခုကို မြန်မာနိုင်ငံသမိုင်းတွင် မင်းငါးဆက်၏ မိဖုရား ဖြစ်ခဲ့သော ရှင်ဘို့မယ်သည် ရောက်လာ၍ စခန်းချနားနေလျက် ရက်ကန်းခတ်ခဲ့ဘူး သည်ကို ရည်မှတ်၍ 'ရှင်ဘို့မယ်တွင်း'ဟု ခေါ်ဝေါ်ကြ၏။ မိန်းမများသည် ထိုတွင်း၏ ဘေးတွင် အပေါက် ငယ်များ ပြုလုပ်၍ လက်ညှိုးကိုထားကာ ရက်ကန်းတတ်ပါစေ၊ ဗိုင်းတတ်ပါစေဟု ဆုတောင်း လေ့ရှိကြသည်။

စက်တော်ရာတောင်ကို မန်းချောင်းသည် ကွေ့ပတ်၍ စီးဆင်းရာ တောင်ခြေရင်းသို့ သုံးကြိမ် တိုင်တိုင် သုံးနေရာတွင် ချဉ်းကပ်ပြီးမှ တစ်ဖြောင့်တည်း စီးဆင်းသွားလေသည်။ ဤသည်ကို အသက်မရှိသော မန်းချောင်းပင်လျှင် မြတ်စွာဘုရား၏ ခြေတော်ရာအရပ်ကို ဦးသုံးကြိမ်တိုက် သည်ဟု ပြောစမှတ်ပြုကြလေသည်။

စက်တော်ရာဘုရားနှင့် စပ်လျဉ်း၍ စက်တော်ရာဘုရားကျောက်စာ၊ ရွှေစက်တော်တန်ဆောင်း ကျောက် စာဟူ၍ ကျောက်စာ ၂ ဆူ ရှိလေသည်။ ယင်းတို့မှာ မူလထိုးများ မဟုတ်ချေ။ စပ်ထိုးနှင့် ဆင့်ထိုးအသီး သီး ဖြစ်ကြ၏။ စက်တော်ရာဘုရား ကျောက်စာအရ ထီးလှိုင်ရှင် ကျန်စစ်သားမင်း (၄၂၇ခု)၊ အလောင်းစည်သူမင်း (၄၈၅ ခု၊ ၅၁၂ ခု)၊ နရပတိစည်သူမင်း (၅၄၅ ခု)၊ ပထမမင်းခေါင် (၇၆၇ ခု)နှင့် ဒုတိယ မင်းခေါင် (၈၄၇ ခု)တို့ ကျွန်သီးတော် ဝတ္တကံရွာ မြေရပ်များကို လှူဒါန်းကြကြောင်း သိရသည်။ ရွှေစက်တော်တန် ဆောင်း  ကျောက်စာ (၆ဝဝ ပြည့်နှစ်)တွင် ရွှေစက်တော်ဘုရား၌ တန်ဆောင်းဆောက်၍ ဝတ်မြေလှူကြောင်း ဖော်ပြထားသည်။

တည်းခိုနေထိုင်ရေး

ဘုရားဖူးခရီးသည်များ နေထိုင်ရေးအဆင်ပြေစေရန် တည်းခိုဆောင်များဆောက် လုပ်ထား လျက်ရှိရာတည်းခိုဆောင်ဌားရမ်းခများအား တစ်ရင်လျင် အထူးခန်း(VIP) တည်းခို ဆောင်(ရေချိုးခန်း၊အိမ် သာပါ)ရေစပ်အနီးတစ်ခန်းလျင် ၅၀၀၀၀ ကျပ်၊ ၄၀၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ်အနီးတစ်ခန်းလျင် ၃၀၀၀၀ ကျပ် ၊ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်) တစ်ခန်းလျင် ၂၀၀၀၀ ကျပ်စီသတ်မှတ်ထားကြောင်း ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်း ကော်မတီမှ သိရသည်။

ဘုရားဖူးလာရောက်သူများအဆင်ပြေစွာသွားလာနိုင်စေရန် အထူးတံတား (ဘေလီသစ်သား တံတား )နေရာ၌ ဘေလီသံပေါင်တံတားသစ် ဆောက်လုပ်ထားပြီးဖြစ်ကာ မင်းဘူး-ရွှေစက်တော်နှင့် တောင်ပေပေါ်-တောင်အောက်သို့ ခရီးသည်တင်ကား များပြေးဆွဲပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။




ရွှေစက်တော်ဘုရား










ဘုရားခြေရာတော်









ရွှေစက်တော်ဘုရားပွဲအတွင်း တည်းခိုနေထိုင်ရာ အခန်းများနှင့်ဈေးဆိုင်ခန်းများ



 ဘုရားဖူးပြည်သူများအနေဖြင့်   ရွှေစက်တော်ဘုရားဖူးမျှော်ရင်း ဘုရားနှင့် သုံးမိုင်ခန့်အကွာတွင် ဘုရားဖူးပြည်သူများ အပန်းဖြေလေ့လာရေး ဆင်စခန်းဖွင့်လှစ်ထားရှိရာ အဆိုပါဆင်စခန်းကို ဘုရား ဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။


No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...