Thursday, November 30, 2023

ဝါခေါင်လ (ဇူလိုင်/ သြဂုတ်)

 

ဝါခေါင်လ (ဇူလိုင်/ သြဂုတ်)


ဝါခေါင်လသည် မြန်မာပြက္ခဒိန်အရ ငါးလမြောက်ဖြစ်ပါသည်။ ဇူလိုင်နှင့် သြဂုတ်လတို့အတွင်း ကျရောက်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများတွင် ရေများပြည့်လျှံနေလေ့ရှိသည့် မိုးဥတုဖြစ်ပါသည်။





ဝါခေါင်လစာရေးတံမဲပွဲတော်နှင့်မေတ္တာအခါတော်နေ့

 ဝါခေါင်လသည် မြန်မာ့ဆယ့်နှစ်လရာသီတွင် ပဉ္စမမြောက်လဖြစ်ပါသည်။ ဝါခေါင်လတွင် အထက် အာကာ ကောင်းကင်ယံ၌ မိုးသားမိုးတိမ်တို့သည် ညိုမှောင်အုံ့ဆိုင်းနေကာ မိုးဖြိုင်ဖြိုင်ရွာသောလဖြစ် ၍ ဝသန်ကာလ မိုးရာသီကို အပြည့်အဝခံစားရသည့်လလည်း ဖြစ်ပါသည်။
"ဝါဆိုဝါခေါင် ရေဖောင်ဖောင်” ဟူသည့် စကားနှင့်အညီ ဝါခေါင်လသည် မိုးကောင်းစွာ ရွာသွန်းသော ကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရေများပြည့်လျှံကာ ရေတိုးနေပါသည်။ ဝါခေါင်လသည် သပြေသီးချိန်၊ ထန်းသီး ကြွေချိန်ဖြစ်၍ “သပြေကာသီး၊ ရေကကြီးသနဲ့၊ ထန်းသီးကကြွေ၊ မိုးကရွေ” ဟု ရှေးစာဆိုတို့က စပ်ဆိုထားခဲ့ကြသည်။ မိုးလယ်လဖြစ်၍ တောင်သူဦးကြီးတို့သည် ကောက်စိုက်ချိန် ဖြစ်ပြီး လယ်ကွင်းပြင်တွင် စိမ်းလန်းသော ကောက်ပင်များဖြင့် မြန်မာ့မြေတွင် မြကမ္မလာခင်းသကဲ့သို့ ရှုတိုင်းယဉ်နေပါသည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်တွင် ဘာသာရေးနှင့် ဆက်စပ်နေသည့် စာရေးတံလှူပွဲကို ကျင်းပခဲ့ကြသည်။

ဝါခေါင်လတွင် စာရေးတံလှူပွဲ ကျင်းပကြသည်ကို ရည်ရွယ်၍

ရတုဝါခေါင် တိမ်တောင်ပတ်ယှက်သည့်

ရက်အခါ မြတ်စွာထွတ်ထား

ရွှေစကားတွင်၊ ပွဲများခြိမ့်စံ

စာရေးတံဟု၊ စီမံခင်းကျင်း” ဟူ၍ စာဆိုတော် ဦးယာကလူးတား စပ်ဆိုထားခဲ့၏

ဝါခေါင်လ၏ အဓိပ္ပာယ်

ဝါခေါင်လကို ပုဂံခေတ်ကျောက်စာများတွင် နံကာလဟု ခေါ်ဆိုကြသည်။ ဝေါဟာရလီနတ္ထဒီပနီ ကျမ်း တွင် ဝါခေါင်လကို ပါဠိဘာသာဖြင့် နိက္ခမနိယ ဟုခေါ်သည်။ နိက္ခမနိယ၏ အဓိပ္ပာယ်မှာ နေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်သွားသောလဟု ဆိုသည်။ နိက္ခမနိယသဒ္ဒါ ရွေ့လျားသောအခါ မြန်မာနံကာဟူသော ဝေါဟာရ ဖြစ်လာသည်ဟူ၍ နံကာပုဒ်၏ ရင်းမြစ်နှင့် အဓိပ္ပာယ်တွင် ပြဆိုထား သည်။ ဝါခေါင်ဆိုသော ဝေါဟာရတွင် “ဝ” သည် ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်းဖြစ်၍ “ခေါင်” သည် အလယ်ဗဟိုဖြစ်၏။ သို့ဖြစ်၍ ဝါခေါင်ဟူသည် ဝါတွင်းသုံးလ၏ အလယ်ဗဟိုဖြစ်သည် ဟူ၍လည်း ဖွင့်ဆိုကြသည်။

ဝါခေါင်လ၏ ရာသီပန်း

ဝါခေါင်လ၏ ရာသီပန်းမှာ ခတ္တာပန်း ဖြစ်သည်။ ထို့ကြောင့် “ဝါခေါင်ရေဖွေး ခတ္တာမွှေး” ဟူ၍ ဆိုရိုး စကားပြုခဲ့ကြသည်။ စပယ်၊ ကြက်ရုံး၊ ဂမုန်း၊ ဇွန်၊ သရဖီပန်းများကလည်း ရောင်စုံ အလှများဖြင့်ဖူး ပွင့်၍ အလှအားပြိုင်နေကြသည်။ လေပြေအသွေး ပန်းရနံ့တို့ သင်းပျံ့ကြိုင်လှိုင်နေပါသည်။အထက်အညာဒေသတွင် ဝါခေါင်လ၌ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ ပွင့်တတ် ကြပုံ၊ မိုးမရွာဘဲ ရှိတတ်ပုံ၊ ရွာပြန်လျှင်လည်း မိုးသည်းလေ့မရှိပုံတို့ကို မုံရွေးဆရာတော်က “ဆယ့် နှစ်လရာသီ မိုးဘွဲ့” တွင် -

ဝါခေါင်တစ်ကြောင်း
ထနောင်းကြောင်ကျစ်
ဆူးရစ်ပွင့်ကာ မိုးမရွာ
ရွာပါသော်လည်း၊ မိုးမသည်း” ဟု မိုးစိပ်စိပ်လေးရွာသည့် ဝါခေါင်လတွင် လယ်သမားများ ထွန်ယက် ခြင်းလုပ်ငန်း ပြီးဆုံးကာ ထွန်တုံးသိမ်းချိန်ဖြစ်၍ ဝါခေါင်မိုးစိပ်၊ ထွန်တုံးပိတ်ဟု ဆိုရိုးစကား ပြုခဲ့ကြ သည်။

ဝါခေါင်လ၏ ပွဲတော်အချို့

မြန်မာနိုင်ငံ၌ ဝါခေါင်လတွင် တောင်ပြုံးညီနောင်နတ်ပွဲနှင့် ရတနာ့ဂူနတ်ပွဲများကို နတ်ကိုးကွယ်သူ များက ဆင်ယင်ကျင်းပခဲ့ကြသည်။ ထိုနတ်ပွဲနှင့်အတူ လှေသဘင်ပွဲများလည်း ပြုလုပ်ကြသည်။မန္တ လေး တောင်ပြုံးအရပ်၌ အလွန်စည်ကားစွာ ကျင်းပမြဲဖြစ်သည်ကို အင်းဝမြို့ဘွဲ့ ဆယ့်နှစ်လရာသီ လူးတားတွင် -

“ညီနောင်နတ်ကို၊ရည်ညွတ်သောင်သဲ၊

ထက်စမြဲနှင့်၊ လှေပွဲများစွာ၊

မြစ်ဧရာဝယ်၊ ကြော်ငြာ သံကျူး၊

ပြိုင်ကြမြူးသည်” ဟူ၍ စပ်ဆိုထားလေသည်။

 ဝါခေါင်လနှင့် စာရေးတံပွဲ

စာရေးတံမဲ၊ စာရေးတံဆွမ်း၊ စာရေးတံအလှူ ဟူသော ဝေါဟာရသည် ဝါခေါင်လနှင့် ခွဲခြားမရသော ဝိသေသများ ဖြစ်ပေသည်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ရာ ဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော် ၌ သီတင်းသုံးတော်မူစဉ် တပည့်ဒါယကာ၊ ဒါယိကာမများက မိမိတို့သည် သံဃာတော်များအား ကျောင်းတော်တွင် ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ တစ်ချိန်တည်း ဆက်ကပ်ရန် အခက်အခဲရှိနေကြောင်း လျှောက် ထားရာ ဘုရားရှင်က သစ်သားဖြင့် ပြုလုပ်သော တုတ်တံများပေါ်၌ဖြစ်စေ၊ ဝါးခြမ်း ပြား၊ နှီးပေါ်၌ဖြစ်စေ၊ ထန်းရွက်ပေရွက်ပေါ်၌ဖြစ်စေ၊ သံဃာတော်များ၏ ဘွဲ့အမည်များကို မဲတံများ ပြုလုပ်ကာ လှူဒါန်းမည့် ပုဂ္ဂိုလ်အား ရွေးချယ်မဲနှိုက်စေပါသည်။
ထိုသို့မဲနှိုက်ယူပြီး အမည်ပါသော သံဃာတော်များကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လှူဒါန်း ကြခြင်းဖြစ်သည်။ ယခုခေတ်၌မူ ဝါခေါင်လတွင် သီးသန့်ပြုလုပ်သော စာရေးတံပွဲတော်ကို ကျင်းပခြင်းဓလေ့ မရှိပါ။ ဒေသအလိုက်သတ်မှတ်သော ရာသီတွင်သာ ကျင်းပကြပြီး အများအားဖြင့် ကျေးရွာ ဘုရားပွဲများတွင် ပြုလုပ်လေ့ရှိကြသည်။ အရပ်ဒေသတစ်ခုနှင့်တစ်ခု ကျင်းပသော ရက်လများ မတူညီကြပါ။
ဘကြီးတော်မင်း တရား လက်ထက် စာရေးတံပွဲကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ ဝါခေါင်လပြည့်ကျော်ရှစ်ရက်နေ့ ဂါမဝါသီပုဂ္ဂိုလ်၊ အရညဝါသီပုဂ္ဂိုလ်၊ အရိယာသံဃာတော် အပေါင်းတို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့်စပ်သည်ကို အစေ့အစုံဆွဲ၍ ပဒေ သာပင်ရေနှစ်ရာ့ခြောက်ဆယ် (၂၆ဝ)ကို အတွင်းတော်သို့သွင်းပြီးလျှင်၊ အရှင်မိဘုရားခေါင်ကြီးနှင့်တကွ ရေစက်သွန်းချတော်မူ၍၊ သဘာကဘတ် စာရေးတံဆွမ်းလှူတော်မူသည်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

  ဝါခေါင်လသည် မိုးဥတုတွင် ပါဝင်ပြီး ရှေးအခါက ဝါခေါင်လကို “နံကာ”လ ဟုခေါ်သည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင် လကို ဝါခေါင်ဟု လည်းကောင်း၊ နံကာလဟုလည်းကောင်း ရေးထိုးထားကြောင်း တွေ့ရသည်။ နံကာ လ၏အဓိပ္ပာယ်မှာ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်၊ စိုက်ပျိုးချိန်လ၊ လယ်လုပ်ချိန်လဟု ယူဆ၍ရသည်။ ဝါခေါင်လသည် ဗေဒင်အခေါ် သိဟ်ရာသီ၊ သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ဖုသျှနက္ခတ်နှင့် နေမင်းတို့ ယှဉ်ပြိုင်သည်။ ရာသီရုပ်ခြင်္သေ့၊ ရာသီပန်း ခတ္တာ၊ ရာသီပွဲတော် “စာရေးတံပွဲ”ဖြစ်သည်။
ယနေ့အချိန်တွင် ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ပြီး ဒေသအလိုက်ရှိ ဗုဒ္ဓ ဘာသာဝင်တို့က မေတ္တာအခါတော်နေ့ကျင်းပကြကာ ရှေးအစဉ်အလာအတိုင်း စာရေးတံပွဲများ ဆင်နွှဲလှူဒါန်းကြသည်။ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်တည်လာပုံအကျဉ်းမှာ မြတ်စွာဘုရားရှင် လက်ထက်တော်က စတင်ခဲ့သည်။ ရှေးအခါက ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားနာယူပြီးနောက် ဝါဆိုဝါကပ်ကမ္မဋ္ဌာန်းတရားပွားများ အားထုတ်ကြသည်။ ရဟန်းတော်တို့ ကမ္မဋ္ဌာန်းတရားအားထုတ်ရာ တောအုပ်ရှိနတ်များသည် ရဟန်းတို့၏ အကျင့်၊သီလနှင့် မြတ်တရားတို့ကြောင့် ယင်းတို့၏ ဗိမာန်များတွင် မနေနိုင်ဖြစ်ကြသဖြင့် ရဟန်းတို့အား နည်းမျိုးစုံဖြင့် ခြောက်လှန့်ကြသဖြင့် ရဟန်းတို့သည်လည်း ကမ္မဋ္ဌာန်းတရားကို ကောင်းစွာ အားမထုတ်နိုင်ကြတော့ပေ။
ထိုအခါ ရဟန်းတို့က ထိုအရေးကိုမြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြသည်။ မြတ်ဘုရားက ဝါခေါင်လပြည့်နေ့တွင် ရဟန်းတို့ကို မေတ္တသုတ္တန် ဒေသနာတော်ဟောကြားသွန်သင်ပြီး တောအုပ်သို့ ပြန်စေသည်။ ရဟန်းတို့သည် တောအုပ်၌ပင် မေတ္တသုတ္တန်လာ မေတ္တာ၊ ဘာဝနာပွားများကြရာ နတ်များကနှစ်သက်ကြကုန်သဖြင့် ကြိုဆိုနေရာပေး အလေးဂရုပြုလာကြသည်။ ထိုဖြစ်စဉ်အရ မေတ္တာတရားသည် ရန်သူသော်မှမိတ်ဆွေအဖြစ် ပြောင်းလဲသွားတတ်ကြောင်း သိမှတ်ဖွယ်ပင်ဖြစ် သည်။ မြတ်စွာဘုရားဟောကြားတော်မူအပ်သော မေတ္တသုတ္တန်သည် ပရိတ်ကြီး ၁၁ သုတ်၌အပါအ ဝင် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့ အထူးတလည်ရွတ်ဖတ်သရဇ္ဈာယ်ပွားများရာ   သုတ်တော်လည်းဖြစ် သည်။ ထို့ကြောင့် မေတ္တသုတ္တန်၏အနက်အဓိပ္ပာယ်ကို သိရှိရန်လိုအပ်လာသည်။ အနက်ကိုသိလျှင် ပို၍ထက် မြက်ပေလိမ့်မည်။ မေတ္တသုတ်၏အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးနတ်တို့သည် ကြောက်မက်ဖွယ်ရာကောင်းသော ရုပ်အဆင်းကို ဖန်ဆင်း၍လူသားတို့အား မပြဝံ့ကြကုန်။မေတ္တသုတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် အိပ်သောအခါ ချမ်းသာစွာအိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကိုမမြင်မမက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသည့် မေတ္တသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့စုပေါင်းရွတ်ဆိုကြပါကုန်စို့ဟူ၍ မေတ္တသုတ်၏ ယဿာနုဘာဝတောယက္ခာ အစချီအပိုဒ်တွင် ပါရှိသည်။
မြတ်ဘုရားက ဆက်လက်ဟောကြားသည်မှာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသောနိဗ္ဗာန်သို့ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာ၏။ ပြုနိုင်စွမ်း ရှိသူလည်းဖြစ်ရာ၏။  ဖြောင့်မတ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။ ပညာရှိတို့ ဆိုလွယ်ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။ မာန်မာနမထားရာ။ ရောင့်ရဲလွယ်ရာ၏။ သူတစ်ပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုးဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ အသက်မွေးမှုပေါ့ပါးခြင်း ရှိရာ၏။ မျက်စိစသောဣန္ဒြေတည်ငြိမ်မှုရှိရာ၏။ ရင့်ကျက်သော ပညာရှိရာ၏။  အမူအရာမကြမ်းတမ်းစေရာ။ ဒါယကာများ၊ ဆွေမျိုးများ၌ သံယောဇဉ်ငြိတွယ်လွန်းခြင်းမဖြစ်စေရာ။ ပညာရှိတို့ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှုတစ်စုံ တစ်ခုကို အနည်းငယ်မျှပင်မပြုမကျင့်ရာ။ သတ္တဝါ ခပ်သိမ်းချမ်းသာကြပါစေ။ ဘေးမရှိကြပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်း သာခြင်းနှင့်ပြည့်စုံကြပါစေ။  သက်ရှူရှိုက်သောသတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သောသတ္တဝါအားလုံး၊ တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သောသတ္တဝါအားလုံး၊ ကြီးသောသတ္တဝါ၊ မတိုမရှည်မကြီးမငယ်အလယ် အလတ်ဖြစ်သောသတ္တဝါ၊ ပုသော၊ တိုသောသတ္တဝါ၊ ပိန်သောကြုံသောသတ္တဝါ၊ ဆူသောဖြိုးသောသတ္တဝါ၊ မျက်စိဖြင့်မြင်နိုင်သောသတ္တဝါ၊ မျက်စိဖြင့်မမြင်နိုင် သောသတ္တဝါ၊ အဝေးမှာရှိသောသတ္တဝါ၊ မနီးမဝေး မှာရှိသောသတ္တဝါ၊ ဖြစ်ပြီးသောသတ္တဝါ၊ နောင်ဖြစ် လတ္တံသောသတ္တဝါ၊ ဆိုခဲ့ပါသောသတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေကုန်သတည်း ဟူ၍ ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသမထွက်ရာ၊ အလုပ်ကိစ္စတစ်ခုခုနှင့် စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချုပ်ချယ်သောစကားမပြောရာ၊ မုန်းတီးသောစိတ်ဖြင့်အမှတ်မထားရာ၊ အနည်းငယ်မျှမထီမဲ့မြင်မထင်ကောင်း၊  အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ဆင်းရဲဒုက္ခကိုအလို မရှိသင့်ပေ။ အမိသည် မိမိဝမ်း၌လွယ်၍မွေးရသော တစ်ဦးတည်းသောသားကို အသက်လောက်ချစ်မြတ်နိုး၍ အစဉ် မပြတ်စောင့်ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိကြီးမားသော မေတ္တာစိတ်ကိုပွားများရာ၏။
အထက်အောက်ဘေးဘီအရပ်မျက်နှာအားလုံး၌ အကျဉ်းအမြောင်းမရှိ၊ အတွင်းရန်အပြင်ရန်မရှိ၊  အတိုင်းမသိမြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများ စေရာ၏။ အိပ်ငိုက်သောအခါမှ တစ်ပါး၊ မတ်တတ်ရပ်နေစဉ်ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊  ထိုင်နေစဉ်ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ် သတိချပ်လျက်မေတ္တာပို့နေရာ၏။ ယင်းသို့မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း” ဟူ၍ မြတ်ဘုရားဟောကြားသည်။
ဆက်လက်၍မှားသောအယူဝါဒကို  လက်မခံဘဲ ကိုယ်ကျင့်သီလရှိစေရာ၏။ မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံ စေရာ၏။ ကိလေသာအာရုံကာမဂုဏ်တို့၌ တပ်မက်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် အမိဝမ်းတွင်း၌ တစ်ဖန်ပဋိသန္ဓေမနေရတော့ပေဟု မေတ္တသုတ်တွင် နိဂုံးထားဟောကြားခဲ့ သည်။
အထက်တွင်ဖော်ပြခဲ့သော မေတ္တသုတ္တန်သည် မေတ္တာဟူသောသတ္တဝါတို့၏ စီးပွားချမ်းသာကိုလိုလား သည့် “အဒေါသစေတသိက်” ပင်ဖြစ်သည်။ အေးမြသင်းပျံ့သည့်သဘောကို ဆောင်ယူသည်။ မေတ္တာဖြင့်တဏှာရာဂနှင့် ဒေါသကို ပယ်သတ်နိုင်သည်။ တစ်ပါးသော တရားအားထုတ်ခြင်းတို့သည် တစ်ဦးတစ်ယောက် အတွက်ကိုသာ အကျိုးပြုစေသည်။ မေတ္တာတရားသည်ကား မိမိ၊ သူတစ်ပါးနှစ်ရပ်လုံးအတွက် အကျိုးပြုသည်။ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံ မေတ္တာဟူ၍ မေတ္တာသုံးပါးရှိရာ အဆုံးမရှိကျယ်ပြန့်ပြီး အဆုံးမရှိသော အကျိုးကို ရရှိစေသည်။ မြတ်စွာဘုရားသည် မေတ္တာတရားကို အခြေခံသော ဗြဟ္မဝိဟာရတရားလေးပါးကိုလည်း ဟောကြားတော်မူသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါးသည် မြတ်သောအကျင့်ဖြစ်ပြီး မြင့်မြတ်ခြင်း၊ ဖြူစင်သန့်ရှင်းခြင်းကို ဆောင်သည်။ ဗြဟ္မဝိဟာရတရားတို့သည် လူသားတစ်ဦး၏ဘဝကို မြှင့်တင်ပေးနိုင်သည်။ လူ့ဘဝကို မြင့်မြတ်စေသည်။ သာမန်လူသားဘဝမှသည် ကြီးကျယ်မြင့်မြတ်သူ ဖြစ်စေနိုင်သည်။ လူတိုင်းလည်းဤတရားတို့ကို ပွားများနိုင်သည်။ ဘာသာရေး၊ အသား အရောင်၊ လူမျိုး၊ အဖိုအမ မခွဲခြားဘဲ အားလုံးသော ပုဂ္ဂိုလ်တို့အနေဖြင့် ဤတရားကိုပွားများမည်ဆိုလျှင် ဤကမ္ဘာလောကကြီးသည် ငြိမ်းချမ်းစွာမွေ့လျော် ဖွယ်ရာသုခဘုံဖြစ်လာမည်မှာ   အသေအချာပင်ဖြစ်သည်။
မေတ္တာ၏လက္ခဏာကား  အကျိုးလိုလားခြင်း ဖြစ်သည်။ အကျိုးစီးပွားဆောင်ရွက်ခြင်းသည် မေတ္တာ၏  ခလ ကိစ္စဖြစ်သည်။ မေတ္တာ၏သရုပ်သကန်မှာ ဒေါသကို ပယ်ပျောက်စေခြင်းဖြစ်သည်။ အကောင်းဘက်မှ ရှုမြင်ခြင်းသည် မေတ္တာနှင့်နီးစပ်လျက်ရှိသည်။ ကရုဏာသည်ကား ဒုက္ခမှလွတ် မြောက်စေလိုသော သဘောဖြစ်သည်။ ကရုဏာ၏ လက္ခဏာမှာ ဆင်းရဲဒုက္ခကို ပယ်ပျောက်ပေးခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကိုသည်းမခံနိုင်ခြင်းကိစ္စရှိသည်။ မညှဉ်းဆဲလိုခြင်းသည် ကရုဏာ၏သရုပ်သကန်ဖြစ်သည်။
မုဒိတာသည်ဝမ်းမြောက်ခြင်း ဖြစ်သည်။ သူတစ်ပါးတို့၏ ရပြီးစည်းစိမ်ကို မပျက်စီးစေလိုခြင်း၊ တည်မြဲစေလိုခြင်းသည် မုဒိတာ၏သဘောဖြစ်သည်။ မုဒိတာသည် မမွေ့လျော်ခြင်းကို ပယ်ဖျောက်ကြောင်း ဖြစ်သည်။ မမွေ့လျော်ခြင်းကင်းခြင်းသည် မုဒိတာ၏ ပြည့်စုံခြင်းပင်ဖြစ်သည်။ အမျက်မထွက်မှုသည် မုဒိတာ၏သရုပ်သကန်ဖြစ်သည်။ ဥပေက္ခာသည်ကား ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံအကျော်အစောရရှိခြင်း၊ မရရှိခြင်းဟူသော လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံသောအခါ စိတ်ကိုအလယ် အလတ်ထား၍  မျှမျှတတရှုမြင်တတ်ခြင်းပင် ဖြစ်သည်။ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်ကို ရှောင်ရှားနိုင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း မရှိခြင်းသည်  ဥပေက္ခာနှင့်ပြည့်စုံခြင်းဖြစ်သည်။ ဥပေက္ခာတွင် ရန်လိုမှုကိုငြိမ်းစေလိုသော သရုပ်သကန်ရှိသည်။ ထို့ကြောင့်မေတ္တာကိုအခြေခံလျက် ဗြဟ္မဝိဟာရတရားတို့နှင့်ပြည့်စုံအောင်  ကောင်းစွာထိန်းသိမ်း စောင့်ရှောက်အပ်သည်။အချုပ်အားဖြင့်ဆိုရသော် မေတ္တာသည်သာ အေးငြိမ်းစေရာဖြစ်သည်။ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့၏ ထူးခြားမွန်မြတ်မှုအရ မေတ္တာဘာဝနာ၏ အစွမ်းထက်ပုံ၊ အကျိုးပြုပုံများကိုသိရှိပြီး မေတ္တာပွားများကာ   ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီကျင့် ကြံကြမည်ဆိုပါလျှင် နေရာဌာနအသီးသီးတို့၌ ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းစေမည် ဖြစ်ပါသည်။   

ရတနာ့ဂူနတ်ပွဲ

                               


ရတနာ့ဂူပွဲသည် တောင်ပြုံးပွဲတော်ကြီးအပြီး နှစ်စဉ် ကျင်းပသော မန္တလေးဝန်းကျင်၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည်။ရတနာ့ဂူ မြတ်စွာဘုရားပွဲတော်နှင့် မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်(စက်တင်ဘာလ ၂ ရက်)နေ့မှ ဝါခေါင်လကွယ်နေ့(စက်တင်ဘာ လ ၈ ရက်)နေ့အထိကျင်းပလျက်ရှိရာ မန္တလေး၊  အမရပူရ တံတားဦး၊ စစ်ကိုင်း၊ မုံရွာ စသော အနီးဝန်းကျင်မှ ဘုရားပွဲလာ နတ်ပွဲလာသူ များဖြင့် စည်ကားစွာ ကျင်းပလျက်ရှိသည်။

မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိသော်လည်း ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှစ၍ နတ်ညီလာခံများ၊ တက်ပွဲများ စတင် ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့တွင် ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ပို့ပွဲများ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို စာရေးတံမဲနှင့် ဆွမ်းကြီးလောင်းလှူကာ ပွဲတော်ပိတ်သိမ်းသည် ဟု သိရသည်။

အမရပူရမြို့၊ ငယ်တိုးကျေးရွာတွင် ကျင်းပသော အဆိုပါ ပွဲတော်သို့ မန္တလေးမှ အများဆုံးသွား လာကြလျက်ရှိကာ အမှတ် ၈ ဘတ်စကားလိုင်း၊ စစ်ကိုင်း-မန္တလေး ကားလိုင်းများ အပြင် မော်တော်ဆိုင်ကယ်များဖြင့်လည်း အများဆုံး သွားရောက်ကြကြောင်း တွေ့ရှိရသည်။ ရှေးယခင်က ရတနာ့ဂူပွဲတော်သို့ မန္တလေးမှ နွားလှည်းများဖြင့် မြို့လုံးကျွတ်နီးပါး သွားရောက်ကြပြီး တောင်သမန်အင်းစောင်း မယ်ဇယ်ပင်တန်းတွင် လှည်းဝိုင်းကြီးများ စခန်းချ ရပ်နားပြီး ချက်ပြုတ်စားသောက်၊ ဝိုင်းဖွဲ့ဆိုတီး ကခုန်ကာ တောင်သမန်အင်း၊ ငယ်တိုးချောင်းများမှ တစ်ဆင့် ငှက်သမ္ဗန်များဖြင့် နတ်နန်းများသို့ တစ်ပျော်တစ်ပါး သွားရောက်လေ့ရှိသည်။

အစဉ်အလာအရ အထက်နန်း၊ အောက်နန်းဟူ၍ သုံးနှုန်းခေါ်ဝေါ်ကာ သက်ဆိုင်ရာနတ်နန်းများသို့ သွားကာ နတ်ပန်းဆက်ကြသည်။ ဝါခေါင်လပြည့်ကျော် ၁၀ ရက်တွင် ကျင်းပသော နတ်ရေချိုးပွဲ(ချိုးရေတော်သုံးပွဲ) မှာ အစည်ကားဆုံးနေ့ဖြစ်ပြီး ဒေသအခေါ်အဝေါ်အားဖြင့် ဖောင်လှည့်သည့်နေ့ပင်ဖြစ် သည်။

အမရရမြို့နယ် ကျေးရွာများမှ ဝေါတော်ထမ်း၊ ဖောင်ကြိုးဆွဲ၊ လှေတော်သားနှင့် အခြားတာဝန်များကို အစဉ်အလာအတိုင်း တာဝန်ယူလုပ်ဆောင်ပြီး ချိုးရေတော်သုံးပွဲ၊ ဖောင်လှည့်ပွဲကို ကျင်းပလေ့ ရှိသည်။ ဖောင်လှည့်သည့် အထက်နန်းနှင့် အောက်နန်းကြား ရေဝင်စိမ့်အင်း၊ ဒေသအခေါ် ပန်းဘဲချောင်းထဲတွင် ငှက်လှေများ စီးကာ ဆင်နွှဲကြသည်။ ရတနာ့ဂူပွဲ လာရောက်သူများမှာ အထက်နန်းနှင့် အောက်နန်းကိုလည်း ငှက်လှေစီးကာ သွားလာကြပြီး ပျော်ရွှင်စွာ ရေပက်စကားလေ့ ရှိသည်။







ရတနာဂူနတ်နန်းပွဲ








ရာဇဝင်

ရတနာ့ဂူပွဲတော်တွင် အဓိကဖြစ်သော ရတနာ့ဂူ စေတီတော်ကို သက္ကရာဇ် ၇၄၂ ခု အင်း၀ဘုရင် မင်းကြီးစွာစော်ကဲ တည်ထားခဲ့ပြီး ဘုရားပွဲတော် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၃၀ ခန့် ရှိခဲ့ပြီး နတ်ပွဲကိုမူ မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်၊ ဘကြီးတော် မင်းလက်ထက် အမရပူရမြို့ မီးကြီးလောင်စဉ် ပြည်သူအများစိတ်နှလုံး မသာယာသောကြောင့် သောကပြေပျောက်စေရန် နန်းမတော်မယ်နုနှင့် မောင်တော် စလင်းစားမောင်အိုတို့ ဦးစီးပြီး ရွှေဖျင်းညီနောင် တောင်ပြုန်းမင်းနှစ်ပါး ပွဲပြီးချိန် ပုပ္ပါးမယ်တော်ကြိုပွဲ၊ ရတနာ့ဂူဘုရားပွဲများအဖြစ် တည်ထွင်ပြီး နတ်ပွဲများကျင်းပခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။ ထို့ ကြောင့် ရတနာ့ဂူနတ်ပွဲဟု ခေါ်တွင်လာကြသည်။
ရတနာ့ဂူနတ်ပွဲသည် အမရပူရတစ်နယ်လုံးရှိ တောင်သူများ မိုးတွင်းဆောင်း ဝါးခမောက်များ အားထားဝယ်ယူသောပွဲဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ နတ်ကိုးကွယ်သူများ လာရောက်သည့်ပွဲဖြစ်သည်။
ရှေးအစဉ်အဆက်လှည်းများ၊ လှေများနှင့်ကျင်းပခဲ့သည့် ရတနာ့ဂူပွဲတော်တွင် ပွဲတော်အမှတ်အသားပမာ ယခုထက်တိုင် ကျန်ရစ်ဆဲ လက္ခဏာများမှာ ငှက်သမ္ဗန်၊ နတ်ဆိုင်း၊ အုန်းပွဲငှက်ပျောပွဲ၊ ကရေကရာမုန့်၊ မုန့်ခေါင်းအုံး၊ ရှောက်ပန်းသီးနှင့် ကျောက်ပန်းခွေများမှာမူ အထင်အရှား ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

တောင်ပြုံးပွဲ

တောင်ပြုန်းပွဲတော် (ဝါခေါင်လဆန်း ၁၅)ရက် လပြည့်နေ့ ပခန်းမင်းပို့နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများဖြင့် စည်ကားလျက်ရှိပါသည်။






                                                                                                                                                        တောင်ပြုံးပွဲ
                                                                                                                                                                                                                                                                                                                                                                                 

ဝါခေါင်လတွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် တောင်ပြုန်းပွဲတော် အခမ်းအနားကို ဝါခေါင်လဆန်း ၈ ရက်နေ့တွင် ပထမနေ့အဖြစ် ကန်တော့ခံ။ ဝါခေါင်လဆန်း ၉ ရက်နေ့တွင် ဒုတိယနေ့ ကန်တော့ခံ။ ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ည ညီလာခံ။ ဝါခေါင်လဆန်း ၁၁ ရက်နေ့တွင် ချိုးရေတော်သုံး။ ဝါခေါင်လဆန်း ၁၂ ရက်နေ့တွင် နန်းတက်ပွဲများ။ ဝါခေါင်လဆန်း ၁၃ ရက်နေ့တွင် ယုန်ထိုး။ ဝါခေါင်လဆန်း ၁၄ ရက်နေ့တွင် ထိန်ခုတ်။ ဝါခေါင်လဆန်း ၁၅ ရက်နေ့တွင် ပခန်းမင်းပို့။ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲများ ကျင်းပကြောင်း သိရသည်။
ဝါခေါင်လဆန်း ၁၅ ရက် (လပြည့်နေ့)တွင် ပခန်းမင်းပို့ပွဲကို ညပိုင်းတွင် ကျင်းပပြီး တောင်ပြုန်းပွဲတော်သို့ ကြွလာကြသည့် ပခန်းမင်းအား ပွဲတော်နောက်ဆုံး ညတွင် နှုတ်ဆက်ကန်တော့ပွဲ ကျင်းပခြင်း ဖြစ်ကြောင်း။ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ရွှေဘုံဆင်းပွဲ အခမ်းအနားသည် မင်းနှစ်ပါးအား ရွှေချကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။တောင်ပြုံးရွာသည် ၁၁ရာစု ပုဂံမင်းထံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ညီနောင်နှစ်ဦးအား ကွပ်မျက်သည့်နေရာဖြစ်ခဲ့သည်ဟု အဆိုရှိသည်။ ကွပ်မျက်ခံရပြီးနောက် ၎င်းညီနောင်နှစ်ဦးသည် ယနေ့ခေတ်တိုင်အောင် ဒေသခံများ၏ ပူဇော်ခြင်းကိုခံရသော အင်အားကောင်းသော နတ်မင်းများဖြစ်လာကြသည်။ နတ်ပွဲလာရောက်သူများသည် နတ်မင်းများ ပျော်ရွှင်စေရန် အလို့ငှာ ယုန်ကင်၊ ကြက်ကြော်နှင့် အရက်များ ပူဇော်ကြသည်။ ဤပွဲတော်တွင် ထောင်ချီသော နတ်ဝင်သည်များနှင့် နတ်ပူဇော်ပသသူများ နတ်ပူဇော်ရန် အတူတကွ လာရောက်ကြသည်။ နတ်ဝင်သည်များသည် ရိုးရာသီချင်းများဖြင့် အကများကခုန်ခြင်းနှင့် သီချင်းများသီဆိုခြင်းဖြင့် နတ်များထံမှ ပူးကပ်ခြင်းကို ကိုယ်တိုင်ခံယူကြသည်။ နတ်ပွဲလာသူများထံမှလည်း နတ်ပူဇော်ပစ္စည်းများကို နတ်ဝင်သည်များက လက်ခံယူကြသည်။
တောင်ပြုံးနတ်ပွဲတော်ကျင်းပသည့်ကာလမှာ ဝါခေါင်လဆန်း (၁) ရက်နေ့မှ (၈) ရက်နေ့အထိ ၈ရက်ကြာကျင်းပသည်။

ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေအောင်စကြာစေတီ


ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှားရှိစဉ်က မေတ္တာသုတ် ဟောကြားတော်မူခဲ့သည့် ဗုဒ္ဓဘာသာ သူတော်စဉ် သူတော်ကောင်းတို့၏ အထွဋ်အမြတ်ထားရာ  ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီး၌  တရားဒေဿနာပွားများသူများဖြင့် စည်ကားလျက်ရှိသည်။

 စေတီတော်မြတ်ကြီးတွင် မေတ္တာသုတ်အပါအဝင် ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်ကြသူများ၊ ဝါဆိုမြတ်သင်္ကန်း ဆပ်ကပ်လှူဒါန်းကြပြီး သီလခံယူ ဆောက်တည်ကြသူများ၊ စေတီတော်မြတ်ကြီးတွင် ဝါတွင်းအခါသမယ၌ လပြည့်၊ လကွယ်နေ့တိုင်း ကျင်းပမြဲဖြစ်သည့် ဓမ္မပူဇာသဘင်သို့ လာရောက်ကြသူများ၊ ဘုရားဖူးပြည်သူများ၊ လိပ်စာ၊ ငါးစာ ကျွေး၍ ကုသိုလ်အစုစုပြုကြသူများဖြင့် လွန်စွာစည်ကားသိုက်မြိုက်ပါသည်။


ရန်ပြေမာန်ပြေအောင်စကြာစေတီ


No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...