Monday, November 27, 2023

နယုန်လ(မေ/ဇွန်)

 နယုန်လ(မေ/ဇွန်)

နယုန်လသည် မြန်မာလများတွင် တတိယလဖြစ်ပြီး မေလနှင့်ဇွန်လတို့တွင် ကျရောက်လေ့ရှိပါသည်။ ဒုတိယအင်းဝမင်းဆက် သာလွန်မင်းတရားကြီး ထီးနန်းစိုးစံစဉ်မှစပြီး သာသနာတော်ပြန့်ပွားရေး အထူးသဖြင့် ပရိယတ္တိသာသနာတော်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့်  စာပြန်ပွဲကို နယုန်လ၏ ရာသီပွဲတော်အဖြစ် ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။နှစ်စဉ်ထေရဝါဒ ဗုဒ္ဓသာသနာတော် တိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်နေကြသည့် ဆရာတော်ကြီးများနှင့် သီလရှင်ဆရာလေးများအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လျက်ရှိပါသည်။

နယုန်လစာပြန်ပွဲ


နယုန်လ၏ အဓိကကျသောပွဲတော်မှာ ပထမပြန်စာမေးပွဲများကျင်းပသော စာပြန်တော်ပွဲဖြစ်ပါသည်။ နယုန်လသည် စာဆိုတော်လပင် ဖြစ်ပါသည်။ စာပြန်တော်ပွဲ စာဆိုတော်ပွဲများကို ကျင်းပသောလပင်ဖြစ်ပါသည်။ ပထမပြန် စာမေးပွဲများကို အင်းဝပြည့်ရှင် သာလွန်မင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့သည်ဟု မြန်မာရာဇဝင်တွင် ရေးသားခဲ့ကြပါသည်။ စာပြန်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တိ သာသာနာထွန်းကားလာစေရန် ဖြစ်ပါသည်။ သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန်စာမေးပွဲကို စည်းမျဉ်း၊စည်းကမ်းများနှင့် ဥပဒေထုတ်ပြန်၍ ကျင်းပခဲ့ပါသည်။ သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲ များသည် ၉ နှစ်ခန့် အဆက်ပြတ်ခဲ့ရသည်။ ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၆) နယုန် လမှ စတင်ကာ ပထမပြန်စာမေးပွဲများကို နှစ်စဉ် ကျင်းပခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ ယုန်လမေထုန်ရာသီတွင် စာပေကျမ်းဂန်သင်ကြားနေကြသော ပုဂ္ဂိုလ်တို့ စာပြန်ရသော စာပြန်ပွဲတော်ကို ကျင်းပသည်။ မင်းတုန်းမင်းလက်ထက်တွင်ကျင်းပသော စာပြန်ပွဲတော်တစ်ခုအကြောင်းကို ကုန်းဘောင် ဆင်မဟာရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ နယုန်လဆန်း ရှစ်ရက်နေ့ကစ၍ ဝါဆိုလဆန်းရှစ်ရက်နေ့တိုင် မန္တလေးတောင်၏အနီး၊ သုဓမ္မာစရပ်တော်နှင့် စန္ဒာမုနိဘုရားပြင်ယံရှိ စရပ်တော်များတွင် ဝဲယာခွဲ၍၊ တံဆိပ်တော်ရ ဆရာတော်သံဃာတော်တို့ ကြပ်မတ်လျက် ပထမကျော်တစ်၊ ပထမကြီးတစ်ကျိပ်ကိုး၊ ပထမလတ် ပထမငယ် စသော အတန်းအဆင့်ရှိသည့် ပထမ စာတော်ပြန်ပဉ္စင်းလောင်းတော် ရှင်လောင်းတော် ဦးရေတစ်ထောင်တို့ တစ်လတိုင်တိုင် ပထမစာတော် ပြန်ဆိုမြဲပြန်ဆိုကြရသည်။ ပထမစာတော် ပြန်ဆိုသူတို့မှာ ပထမကျော်နှင့် ပထမကြီးများမှာ ပတ္တမြား နားတောင်း၊ ပတ္တမြားလက် ကောက်၊ ပုတီး၊ လက်စွပ်၊ စလွယ်ဆင်ယင်၍၊ ရွှေထီးလေးချက် ဆောင်းမိုး၍၊ လူဆွဲရွှေ ရထားတော်ထက် စီးရသည်။ အဆောင်အရွက်စုံကိုင် နောက်လိုက်နောက်ပါ လူနှစ်ကျိပ်တို့က ဝတ်ကောင်း ဝတ်သန့်နှင့် လိုက်ကြရသည်။ ပထမစာတော်ပြန်မည့်သူတို့ကို ရှေ့ တော်သို့သွင်း ဝတ်ဆင်ရန် ရွှေကျင်ခတ်ခေါင်းပေါင်း၊ လွန်းများ ပုဆိုး၊ ဖဲပုဆိုး၊ ပိုးပုဆိုး၊ အင်္ကျီ၊ ပုဝါများကို တစ်ယောက်လျှင်ငါးလဲကျစီနှင့် မုံ့ဘိုး ငွေတစ်ရာကျစီ အောက်ခံထား၍၊ အထက်ကို စာဝါနိမ့်မြင့်အလျှောက် တိုးတက်ချီးမြှင့် သနားတော် မြတ်ခံရသည်။ ဤစဉ်အခါ ရွှေမြို့တော်လေး ပြင်ရှိ ကျောင်းတိုက် တော်ဟူသမျှက ပထမစာတော် ပြန်အသီး အသီးထွက်ကြသောကြောင့် ရွှေထီး ရောင်၊ ရွှေရထားရောင်တို့သည် ထိန်ပြောင်ဝင်းလက်၍ တစ်တိုက်နှင့်တစ်တိုက် တရောတရှက်တည်း ရှုမငြီးအောင်ရှိသော ပထမပြန်စာမေးပွဲပင်ဖြစ်ပါသည်။





နယုန်လတွင်ကျင်းပသည့်စာပြန်ပွဲ

ပခုက္ကူသီဋ္ဌ်ဟိုရှင်ဘုရားပွဲ

ပခုက္ကူမြို့ရဲ့ ပွဲတော်များထဲမှ နယုန်ပွဲလို့ခေါ်တဲ့ သီဟိုဠ်ရှင် ဘုရားပွဲတော်သည် အင်မတန် စည်ကားပါသည်။ ပွဲတော်ရက်မှာ နယုန်လဆန်း ၈ ရက်ကနေ လပြည့်ကျော်အထိ ကျင်းပပါတယ်။ တစ်လလောက်ကြာသလို နာမည်ကျော် ဇာတ်သဘင်တွေလည်း ရုံသွင်းကပြလေ့ရှိပါတယ်။  ဈေးဆိုင်ခန်း ပေါင်းကလည်း ၂၀၀၀ ကျော်လောက် ရှိပါတယ်။ ငရုတ်သီးခြောက်၊ သနပ်ခါး၊ ကျောက်ပျဉ်ကစပြီး အဝတ် အထည်၊ တန်ဖိုးကြီး အိမ်ထောင် ပရိဘောဂတွေပါ ရောင်းတဲ့ပွဲပါ။ တစ်နယ်လုံးလာတဲ့ ပွဲတော်ဖြစ်သည့်အတွက် အလွန်စည်ကားလှပါသည်။



နယုန်လတွင်ကျင်းပသောပခုက္ကူသီဋ္ဌ်ဟိုရှင်ဘုရားပွဲ

 


No comments:

Post a Comment

လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း

  လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်း        ဂျီနီဗာမြို့တွင် ၁၈-၆-၂၀...