ကဆုန်လတွင်ကျင်းပလေ့ရှိသည့် ကယားတံခွန်တိုင်ပွဲ
စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်နှင့် နတ်ကိုးကွယ်ကြသော ကယားတိုင်းရင်းသားတို့ သည် ကောက်ပင်ဖွံ့ဖြိုးရေးနှင့်
လုပ်ငန်းများဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အထမြောက်အောင်မြင်စေရေးအတွက်
မိုးရေကိုပေးသော မိုးနတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်၊ယာစောင့်နတ်တို့ကို
ပူဇော်ပသကြရလေသည်။ ကယားတိုင်းရင်းသားတို့သည် ခေတ်မီသိပ္ပံနည်းများကို အသုံးပြုကာ စိုက်ပျိုးနိုင်ကြသူများမဟုတ်ဘဲ မိမိတို့ မိရိုးဖလာနည်းများဖြင့်သာ
စိုက်ပျိုးကြသူများ ဖြစ်ခြင်းကြောင့် သဘာဝကပေးသော မိုးရေကို အားကိုး၍
ကောက်ပဲသီးနှံများကို စိုက်ပျိုးကြရသည်။ ထို့ကြောင့် ယင်းတို့သည် မိုးရေကို
အားကိုးတကြီးဖြင့် မျှော်ကြ ခေါ်ကြရသည်။ ထို့ကြောင့် တောင်ယာမစိုက်မီ၊
စပါးမရိတ်သိမ်းမီ၊ စပါးရိတ်သိမ်းပြီး အချိန်တွင် မိမိတို့မမြင်နိုင်သော
တန်ခိုးရှင်တို့အား လုပ်ငန်းကိစ္စအဝဝ အထမြောက်အောင်မြင်ရေးအတွက် ကူညီစောင်မရန်
ပူဇော်ပသပွဲများ ပြုလုပ်ကြရသည်။ ယင်းပူဇော်ပွဲများအနက် ကေ့ထိုးဘိုး
(တံခွန်တိုင်ပွဲတော်)သည် ကယားအနွယ်ဝင်တို့၏ ရိုးရာကိုးကွယ်မှုမှ ပေါက်ပွားလာသည့်
နတ်ပူဇော်ပသပွဲများ ဖြစ်ပါသည်။ ယင်းပွဲတော်ကို နှစ်စဉ်တန်ခူးလနှင့်
ကဆုန်လများတွင် ကျင်းပကြပါသည်။ တစ်နည်းအားဖြင့် ဆိုသော် ယင်းပွဲတော်မှာ
နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး ပွဲတော်လည်း ဖြစ်ပါသည်။ ဤပွဲတော် ကျင်းပခြင်းအားဖြင့်
မိုးလေဝသမှန်ကန်ပြီးလျှင် ကောက်ပဲသီများ ဖွံ့ဖြိုးအောင်မြင် လိမ့်မည်ဟု ကယားအမျိုးသားတို့က
ယုံကြည်ကြပါသည်။ သို့ဖြစ်၍ တံခွန်တိုင်ပွဲကို မိုးခေါ်ပွဲ (မိုးတပွဲ)ဟု ခေါ်လျှင်
မှားမည်မထင်ပါ။ တံခွန်တိုင်ပွဲတော်သည် ကယားလူမျိုးတို့၏ အလွန်အရေးပါအရာရောက်သော
ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်၍ ဘိုးဘွားအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက်
ကျင်းပသော ပွဲတော်တစ်ရပ် ဖြစ်သည်။
တံခွန်တိုင်ပွဲတော်နှင့်ပတ်သက်၍
ပွဲတော်ကျင်းပသည့်အခါတွင် လိုက်နာရမည့် စည်းကမ်းအမျိုးမျိုး လည်းရှိပေသေးသည်။
ထို့ကြောင့် ကယားတိုင်းရင်းသားတို့သည် ရိုးရာဓလေ့ထုံးစံ စည်းမျဉ်းများက
ချမှတ်ပေးထားသည့် စည်းကမ်းချက်များကို တံခွန်တိုင်ပွဲတော် ကျင်းပသည့်အခါတွင်
အတိအကျလိုက် နာဆောင်ရွက်သည်ကို တွေ့ရှိရပေသည်။ အကယ်၍
တံခွန်တိုင်ပွဲတော်နှင့်သက်ဆိုင်သော သတ်မှတ်ထားသည့် စည်းကမ်းချက် တစ်စုံတစ်ရာ
ချို့ယွင်းသွားခဲ့သော် မိမိတို့၏ ရပ်ရွာအိုးအိမ်များကိုပါ စွန့်ခွာ၍
တစ်ခြားတစ်နေရာသို့ ပြောင်းရွေ့ကြရသည်အထိ စည်းကမ်းချက်ရှိသည်ကိုလည်း တွေ့ရှိရပေသည်။
ထို့ကြောင့် ကယားတိုင်းရင်းသားတို့သည် တံခွန်တိုင်ကို တံခွန်ပွဲတော်မကျင်းပမီ
လုပ်ဆောင်ဖွယ်ရှိသမျှကိစ္စတို့ကို ရိုးရာဓလေ့ထုံးစံနှင့် ကိုက်ညီအောင်
ဦးစွာပြင်ဆင်ကြရသည်။ ပထမဦးစွာပြင်ဆင်ရခြင်းမှာ ခေါင်ရည်များချက်ခြင်းဖြစ်သည်။
ခေါင်ရည်အဆင်သင့် ချက်ပြီးသောအခါတွင် ရွာတွင်းဝယ် လူများအစုံလင်ရှိမရှိကြည့်ပြီး လူများစုံလင်သည့်နေ့တွင် တံခွန်တိုင်ထူရန် သစ်ပင်ခုတ်ရမည့် နေ့ရက်ကို
ကြက်ရိုးထိုး၍ ရွေးချယ်ကြရသည်။
ကြက်ရိုးဗေဒင်ကကောင်းသည်ဟု
ဟောကိန်းထွက်သောနေ့တွင် တံခွန်တိုင်သွားခုတ်ရန် ပြင်ဆင်ကြရသည်။ တံခွန်တိုင်ခုတ်ရန်
မသွားမီကြိုတင်၍ သစ်ပင်ကောင်းကောင်းကို ရွာထဲမှလူများက ရှာထားကြရပြန်သည်။
ခုတ်ရမည့်အပင်ကို တွေ့သည့်အခါတွင်
ထိုအပင်မှ တံခွန်တိုင်လုပ်ရန် ကောင်းမကောင်း ကြက်ရိုး တစ်ဖန် ထိုးကြည့်ရပြန်သည်။
အကယ်၍ကောင်လျှင် ယင်အပင်ကို ခုတ်ရန် သတ်မှတ်ခဲ့ကြသည်။ ထိုအပင်ရွာနှင့် နီးလျှင်
နံနက်(၃)ချက်တီးအချိန်၊ ရွာနှင့်ဝေးလျှင် နံနက်တစ်ချက်တီးလောက်မှ စ၍ တစ်အိမ်လျှင် ယောက်ျားတစ်ယောက်စီ ရေဘူးကိုယ်စီဖြင့်
သစ်ပင်ခုတ်ရန်ထွက်ခွာကြရသည်။ သစ်ပင်ခုတ်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့်မရချေ။
သစ်ခုတ်အဖွဲ့တွင်လည်း အနည်းဆုံးလူ(၅၀)မှ (၁၀၀)အထိပါဝင်၍ အတီးအမှုတ်များဖြင့်
မြိုင်မြိုင်ဆိုင်ဆိုင် တစ်ပျော်တစ်ပါး သွားလေ့ရှိကြသည်။
တံခွန်တိုင်အတွက်အသုံးပြုရန် သစ်လုံးမှာ ရိုးရာအလိုက် အချို့က
ကျွန်းပင်ကိုရွေးချယ်ကြပြီး၊ အချို့က အင်ပင်ကို ရွေးချယ်ကြသည်။ ရွေးချယ်သည့်
သစ်တုံးမှာ အပြစ်အနာအဆာ ကင်းစင်ရန် လို၏။ နွယ်ပတ်သောသစ်ပင်၊ ကောက်ကွေ့သောသစ်ပင်၊
ပိုးထိုးသောသစ်ပင် သစ်လုံးကို တံခွန်တိုင်အဖြစ် မရွေးချယ် ကြရချေ။ သစ်ပင်ကို
ရွေးချယ်ပြီးနောက် ပထမဦးစွာ တံခွန်တိုင်နတ်ဆရာက စတိ သဘောဖြင့်စ၍ သစ်လုံးကို
ခုတ်ရသည်။ ထို့နောက် ပါလာသူများက ဝိုင်းဝန်း ခုတ်ကြရသည်။
သစ်ပင်ကိုခုတ်လှဲ၍ တံခွန်တိုင်လုပ်ရန်လိုသလောက် အတိုအရှည်တိုင်းထွာ
ဖြတ်တောက်ကြပြီး၊ သစ်လုံးကိုနွယ်ကြိုးများ၊ ဝါးလုံးများဖြင့် ချည်နှောင်ကာ
ထမ်းပိုးလာကြရသည်။ တံခွန်တိုင်သစ်လုံး ကိုသယ်ယူရာတွင်
မည်သည့်ယာဉ်ကိုမျှအသုံးမပြုကြပေ။ ဤသို့သယ်ယူရာ၌
မောင်းထု၍ သယ်ယူ လာကြရသည်။ အကယ်၍ တံခွန်တိုင် သစ်လုံးမှာ တောင်ပေါ်၌ရှိလျှင်လည်း
နွယ်ကို ကြိုးကျစ်သူက ကျစ်ကာ နွယ်ကြိုးများနှင့် တောင်ခြေအရောက် ဆွဲယူချကြရပြီး သတ်မှတ်ထားသည့် စခန်းအရောက် ထမ်းပိုး ယူလာကြရသည်။ တံခွန်တိုင်နတ်ဆရာက
တံခွန်တိုင်သစ်လုံးပေါ်စီး၍ လိုက်လာရသည်။ ရပ်နားရန် သတ်မှတ်ထားသော
စခန်းသို့ရောက်သောအခါ ယင်းတို့ကို မြေပေါ်တွင် ခေတ္တချထားပြီး
မိမိအိမ်ရာမှချက်ပြုတ်၍ ယူလာသော ထမင်းဟင်းများနှင့် ခေါင်ရည်များကို
အသင့်စောင့်ကြိုနေသော အမျိုးသမီးများနှင့် အတူတကွ တစ်ပျော်တစ်ပါးတည်း
စားသောက်ကြသည်။ တံခွန်တိုင်ကို ဝင်ရောက် ကူညီထမ်းပိုးပေးသည့်
အခြားရွာနီးစပ်ချုပ်မှ မိတ်ဆွေများကိုလည်း တိုက်ကျွေးကြသည်။
ရပ်နားစခန်းမှတစ်ဖန်တံခွန်တိုင်ကို
မိမိတို့ရွာ၌ တံခွန်တိုင်စိုက်ထူရန် သတ်မှတ်ထားသော နေရာသို့
ဆက်လက် ထမ်းပိုးသွားကြပြန်သည်။ တံခွန်တိုင်ပွဲတော်ကျင်းပသည့်နေရာများကို
များသောအားဖြင့် ရွာလယ်ရှိကုန်းမြင့်(သို့) ရွာထိပ်ကို ရွေးချယ်ကြရလေသည်။
တံခွန်တိုင်နယ်မြေမှာ ကာရံထားခြင်း မရှိဘဲ တံခွန်တိုင်များ ပတ်လည်ဝိုင်း၍ စိုက်ထူထားခြင်းသာဖြစ်လေသည်။သီးသန့်ထားသော
နေရာ သို့ ရောက်သောအခါ တံခွန်တိုင်လုပ်မည့်သစ်လုံးကို ညင်သာစွာချကြရလေသည်။ ဤသို့ပြုလုပ်ရာတွင် တံခွန်တိုင်ထိပ်ပိုင်းကို မြေကြီးနှင့်မထိစေရန် အထူးဂရုစိုက်ကြရသည့်အတိုင်း တိုင်ထိပ်ပိုင်းကို
သစ်သားတစ်ခုပေါ်တွင် မြေမကျစေရန် တင်၍ထားကြရလေသည်။ ဤကဲ့သို့ချထားပြီးသော အခါတွင် ရွာတွင် အသင့်စောင့်ကြိုနေကြသော
အမျိုးကြီး/ ငယ်များက ရေတကောင်းများတွင် သပြေပန်းများ စိုက်ကာယူလာကြပြီး သပြေခက်များဖြင့် အဆိုပါတိုင်ကို ရေပက်ဖြန်းကြရသည်။ ထို့နောက်တံခွန်တိုင် အသစ်နှင့် အဟောင်းအသီးသီးတို့ကို ရေသွန်းလောင်းပေးကြပြန်သည်။ အချင်းချင်းလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရေပက်ကစားကြသည်။ တံခွန်တိုင် မစိုက်မီ မြေပေါ်တွင်ချထားစဉ် ယင်းတံခွန် တိုင်အနီးသို့
အမျိုးသမီးများ မကပ်ရချေ။ ခွေးများ ဖြတ်ကျော် မသွားစေရန်လည်း နေ့ရောညပါ စောင့်ရှောက်ကြရသည်။ အဖိုတိုင်ဖြစ်လျှင် (၅) ရက်ထား၍ အမတိုင်ဖြစ်လျှင် (၃)ရက် ထားရသည်။ အဖိုတိုင်မှာ(၁၅)ပေမှ အများဆုံး(၄၅)ပေ
အထိရှည်လျား၍ အမတိုင်မှာ (၁၂)ပေခန့် ရှည်လေသည်။ ထိုရက်များအတွင်းတွင် တံခွန်တိုင်ကြီးကို ရှစ်မြှောင့်
(သို့) ခြောက်မြှောင့်ဖြစ်အောင် ပြုလုပ်ကြသည်။ တံခွန်တိုင်တွင် တပ်ဆင်ရန်လည်း ထီး၊
ကြက်လျှာနှင့် တံခွန်ပြားစသည်တို့ကို (၃) ရက် အတွင်း အပြီး ရက်ကြရသည်။
ရွာရှိအိမ်တိုင်းမှ တစ်အိမ်လျှင် ချည် (၅) ကျပ်သားခန့် ကောက်ခံပြီး
ကြက်လျှာများကို ရှေးအခါက အပျိုစစ်စစ်သမီးများက ရက်လုပ်ကြရသည်။ ယခုခေတ်တွင်မူ
မည်သည့် အမျိုးသမီးမဆို ရက်လုပ်နိုင်ကြသည်။
ရေဘူးကိုယ်စီ ယူလာကြသောဘေးမှ တံခွန်တိုင်ကပွဲကြည့်နေကြသော ပရိတ်သတ်ကလည်း မိမိတို့ အချင်း ချင်းအပြန်အလှန်ရေပက်ကြပြီး တံခွန်တိုင် အသစ်အဟောင်းများကို ရေပက်ဖြန်းကြသည်။ တံခွန်တိုင် ခုတ်လာသည့်နေ့မှစ၍ တံခွန်တိုင်ထူသည့်နေ့အထိ (၃)ရက်အတွင်းဝယ် ကယားတိုင်းရင်းသားတို့သည် ရွာရှိ တံခွန် တိုင်နတ်ဆရာအိမ်မှစ၍ တံခွန်တိုင်ထူသည့် အဆက်အနွယ်လူများ ၏အိမ်တို့ကို အတီးအမှုတ်တီးကာ လက်ျာရစ်လှည့်ပတ်ကြသည်။ နောက်နေ့နံနက်တွင် ရေနတ်စာကျွေး၍ မိုးခေါ်ကြသည်။ ယောက်ျားလေးများအား တစ်အိမ်တစ်ယောက်စီစုပြီး ခြုံစောင်အနီတစ်ထည်၊ ပေါက်ပေါက်၊ သပြေရွက်၊ ဝါးကြက်လျှာ၊ စက္ကူကြက် လျှာ၊ ခေါင်ရည်၊ ငှက်ပျောသီးများယူ ဆောင်၍ အတီးအမှုတ်များဖြင့် နတ်ပူဇော်ရန် ထွက်ကြသည်။ ရေထွက်ပေါက်နိုင်သမျှကို ငှက်ပျော သီးတစ်လုံး ၊ ပေါက်ပေါက်၊ သပြေရွက်၊ နှီးဖြင့်ထိုးထားသည့် ဝက်သားတုံး၊ ဝါးဘူးငယ်ဖြင့်ထည့်ထားသော ခေါင်ရည်တို့ကို စိုက်ထားကာ နတ်စာကျွေးကြသည်။ ဤသို့ပြုလုပ်ပြီး တံခွန်တိုင်ပွဲကို အဆုံးသတ်ကြသည်။


.jpg)
.jpg)

No comments:
Post a Comment