NUG ၊
PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့
အိတ်ဖွင့်ပေးစာ
NUG,PDF အဖွဲ့မှ အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်သည် Video
အမည်မဖော်လိုသူပြည်သူတစ်ဦး
ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF
အဖွဲ့များရဲ့ ရက်စက်ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့ သတင်းများကို
မြင်တွေ့မိပြီး အကြမ်းဖက်အားပေးနေသူများသိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့
ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ကစပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ PDF အချင်းချင်း သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗီဒီယိုဖိုင်တစ်ခုဟာ မြင်တွေ့ရသူတိုင်းစိတ်နှလုံး ထိခိုက်ဖွယ်မြင်ကွင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူလေးဦးကို လက်နောက်ပြန်ကြိုးတုပ် စစ်ဆေးမေးမြန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ သတ်ဖြတ်ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့အဖွဲ့သားများဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြတိုက်ပြီး ရရှိလာတဲ့ငွေကြေးတွေကို ၎င်းတို့အဖွဲ့ထဲက အဖွဲ့ဝင်တချို့က ခိုးယူထွက်ပြေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက် ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ် သတ်ဖြတ်နေကြတာကို တွေ့ရပါတယ်။
NUG အဖွဲ့ရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF အဖွဲ့များဟာ ဒီလိုလူသတ်အကြမ်းဖက် လုပ်ရပ်များသာမက စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို နှောင့်ယှက်တိုက်ခိုက်ခြင်းဆိုတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိတာကို သူတို့ရဲ့ ထုတ်ပြန်ချက်တွေနဲ့ လူမှုကွန်ရက်သတင်းတွေမှာ သက်သေအထောက်အထားများနဲ့တကွ မကြာခဏမြင်တွေ့ ကြားသိနေရပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်ကန်စွာရှုမြင်သုံးသပ် ကြည့်လိုက်ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး
လူသတ်အကြမ်းဖက်လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို့ ကျင့်သုံးနေတာကို
ရှင်းလင်းပြတ်သားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ NUG ကို အလွတ်သဘောထိတွေ့ဆက်ဆံနေတဲ့
နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ နစကအစိုးရပြုတ်ကျရေး ဖိအားပေးလိုတာ
တစ်ခုတည်းနဲ့ NUG၊ PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို
တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ခြင်းစတဲ့ ကိစ္စရပ်တွေကို
လျစ်လျူရှုထားပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ထောက်ပံ့ဖို့ ကြိုးစားနေကြတာ
မလုပ်သင့်တဲ့ လုပ်ရပ်များဖြစ်ပါတယ်။ ဒီလိုတာဝန်မဲ့ပြီး အကြမ်းဖက်ဝါဒအားပေးရေးလုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ
ထပ်မံဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ NUG ၊
PDF တွေကို ငွေကြေးထောက်ပံ့ခြင်း၊ နေထိုင်စရာခိုလှုံခွင့်ပေးခြင်းနှင့် အလွတ်သဘော ထိတွေ့မှုပြုလုပ်ပေးနေခြင်းဟာ
သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို အသိအမှတ်ပြုပြီး အားပေးထောက်ခံတဲ့သဘော
သက်ရောက်နေပါတယ်။
PDF တွေအနေနဲ့ စည်းစနစ်မရှိဘဲ ပရမ်းပတာဖွဲ့စည်းထားတဲ့
လက်နက်ကိုင်အဖွဲ့ ဖြစ်တာကြောင့် လက်နက်မရှိတဲ့ပြည်သူတွေကို ပစ်မှတ်ထား
သတ်ဖြတ်နေတာတင်မကတော့ဘဲ အချိန်ကြာလာတဲ့အခါမှာ PDF အကြမ်းဖက်အဖွဲ့အချင်းချင်းလည်း
ခေါင်းစဉ်မျိုးစုံနဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။
ဒီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF
တွေကို ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံများ မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ PDF များရဲ့
အကြမ်းဖက်မှု ကျူးလွန်နေတဲ့ ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသိသာသာ
ပျံ့နှံ့နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေရဲ့
သတင်းပို့တင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းများကလည်း နိုင်ငံတကာကို သတင်းများပေးပို့ပြီး NUG ၊
PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြပေးနေပါတယ်။ ဒီလို
အကြမ်းဖက်အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံအနေနဲ့ အဆင်အခြင်ကင်းမဲ့စွာ
ထောက်ခံအားပေးနေတာဟာ အလွန်အံ့ဩဖွယ် ကောင်းလှပါတယ်။
အမေရိကန်အစိုးရအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အကူအညီပေးရေးရန်ပုံငွေ ထဲကနေ မြန်မာနိုင်ငံက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေနဲ့ NUG ၊
PDF အဖွဲ့များအတွက် စစ်လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှု (Nonlethal Aid) နဲ့
လူသားချင်းစာနာ ထောက်ထားမှုအကူအညီ (Humanitarian Aid) ပေးအပ်သွားမယ်လို့ ကြေညာထားတာတွေ့ရပါတယ်။ မည်သို့ပင် Nonlethal Aid လို့ ခေါင်းစဉ်တပ်နေပေမယ့် လက်တွေ့မှာ အမေရိကန်ထောက်ပံ့ငွေများဟာ
အကြမ်းဖက်မှုတွေလုပ်ဖို့နဲ့ လက်နက်ဝယ်ဖို့ထောက်ပံ့ကြေးဖြစ်သွားတယ်ဆိုတာကို
အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ အပေါင်းအပါနိုင်ငံများက
NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး သူတို့ကို အားပေးထောက်ခံမှုပြုတယ်ဆိုတဲ့အချက်ဟာလည်း NUG ၊ PDF အဖွဲ့များ အတွက် စိတ်ဓာတ်ခွန်အားများရရှိစေကာ
ယခုလိုရက်စက်ကြမ်းတမ်းတဲ့လုပ်ရပ်များကို အတိုင်းအဆမရှိ အထိန်းအကွပ်မဲ့
ဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့
မြေပြင်အခြေအနေမှန်တွေကို သေချာစွာလေ့လာစိစစ်ဖို့လိုပြီး နစကအစိုးရ ဆန့်ကျင်ရေးလော်ဘီသတင်းဌာနတွေရဲ့ ဖော်ပြချက်သတင်းမှားတွေမှာပဲ လမ်းဆုံးမနေကြဖို့
ဒီစာကနေတစ်ဆင့် အသိပေးလိုပါတယ်။ ဒါကလည်း အမေရိကန်ပြည်သူတွေရဲ့
အဖိုးတန်တဲ့ဘဏ္ဍာငွေတွေကို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေ ဖန်တီးတဲ့နေရာမှာ
အသုံးမပြုမိစေဖို့ စေတနာရှေ့ထားပြီး ထောက်ပြရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ အလားတူပဲ
NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့လည်း
မိတ်ဆွေတို့ရဲ့လုပ်ရပ်များဟာ PDF အကြမ်းဖက်သမားများကို
အားပေးအားမြှောက်ပြုရာရောက်တယ်ဆိုတာကို သိစေအပ်ပါတယ်။
NUG ၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့
ရယူဖို့ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ကို ဒေသတွင်းနိုင်ငံများသို့
မပျံ့နှံ့စေရေးအတွက် NUG ၊ PDF အကြမ်းဖက်သမားများကို
အားပေးထောက်ခံမှုများ မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်။
ယခုအခါမှာ NUG ခေါင်းဆောင်ပိုင်းအချင်းချင်းနဲ့
လော်ဘီများအချင်းချင်းလည်း ပြည်သူတွေဆီကနေ လိမ်လည်ကောက်ခံထားတဲ့
ငွေကြေးအရှုပ်တော်ပုံတွေ၊ နိုင်ငံရပ်ခြားမှာ မိသားစုလိုက်ခေါ်ပြီး တိုက်တွေ၊
ကားတွေဝယ်ပြီး သောက်စားဇိမ်ခံနေကြတဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်း/ပြည်ပက
သူတို့ကိုထောက်ခံနေတဲ့သူတွေ ကိုယ်တိုင်အယုံအကြည် မရှိကြတော့တဲ့အခြေအနေများ
ဖြစ်ပေါ်နေပါတယ်။ ၎င်းတို့အချင်းချင်းလည်း အပြန်အလှန်စွပ်စွဲမှုတွေနဲ့
တစ်စထက်တစ်စ ပြိုကွဲနေပြီဖြစ်သလို ပြည်တွင်းက ပြည်သူအများစုကလည်း NUG၊ PDF တွေရဲ့
လွဲမှားတဲ့လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးရည်မှန်းချက်ကိုရယူဖို့ ကြိုးစားနေမှုများကို
သိရှိနားလည်ပြီး ထောက်ခံအားပေးမှုတွေ လျော့ကျနေပြီဖြစ်ပါတယ်။ အထူးသဖြင့်
နိုင်ငံရေး၊ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေခြင်းများကို
ရွံရှာမုန်းတီးနေကြပြီဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ NUG ၊
PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ်နေတဲ့ဖြစ်စဉ်တွေ
မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် ဒီလိုအဖွဲ့အစည်းတွေကို
နိုင်ငံတကာအနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကို
လိုလားတဲ့ပြည်သူတစ်ဦးအနေနဲ့ အိတ်ဖွင့်ပေးစာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။
No comments:
Post a Comment