တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန်လိုအပ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဇူလိုင် ၁ ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းမှ တိုင်းပြည်ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး (၃) ပါးကိုမထိခိုက်စေဘဲစစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံး မိမိတို့ကျရာကဏ္ဍမှ ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းကိစ္စရပ်များကိုလည်းကောင်းတင်ပြကြပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် (၁/၂၀၂၄) တိုင်းရင်းသားရိုးရာအက မွမ်းမံသင်တန်းဆင်းပွဲအခမ်း အနားသို့တက်ရောက်ပြီး တိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုနှင့်ယဉ်ကျေးမှုအကအလှများကို တီထွင်ဆန်းသစ်ရာ၌ မူလရိုးရာကို မပျောက်ပျက်စေရေး၊ တည်တံ့ထိန်းသိမ်းနိုင်ရေးကို အထူးသတိရှိကြရန်လိုကြောင်းနှင့် သင်ယူတတ်မြောက်ထားရှိသည့် ယဉ်ကျေးမှုအနုပညာ၊ အကအလှများကိုလည်း လက်ဆင့်ကမ်းဆင့်ပွားသင်တန်းများ ပုံမှန်ဖွင့်လှစ်သွားရန် တိုက်တွန်းပါကြောင်းပြောကြားကာ သင်တန်းသူ၊သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များနှင့် အကနည်းပြများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment